32 C
Yangon

မန္တလေးတောင်ပေါ်၊ မြို့လယ် အထပ်မြင့် ဟိုတယ်၊ မန်းပလာဇာနှင့် တိုက်တာများအပေါ်တွင် စစ်ကောင်စီက တပ်စွဲနေရာချထား

Must read

မန္တလေးတောင်ပေါ်၊ မြို့လယ် အထပ်မြင့် ဟိုတယ်၊ မန်းပလာဇာနှင့် တိုက်တာများအပေါ်တွင် စစ်ကောင်စီက တပ်စွဲနေရာချထား

ရန်ကုန်၊ ဇူလိုင် ၁၄

အကြမ်းဖက်စစ်ကောင်စီက မန္တလေးတောင်ပေါ်၊ မြို့လယ်အထပ်မြင့်ဟိုတယ်၊ မန်းပလာဇာနှင့် အထပ်မြင့် တိုက်များအပေါ်တွင် စစ်ကောင်စီက တပ်စွဲနေရာချထားမှုများရှိနေကြောင်း မန္တလေးဒေသပြည်သူများနှင့် ဟိုတယ်အသိုင်း အဝိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက မန္တလေးတောင်ပေါ်တွင် လုံခြုံရေးအတွက်ဟုဆိုကာ လာရောက်တပ်စွဲမှုများရှိကြောင်း၊ ထို့ပြင် မန္တလေးမြို့၊ ၇၈ လမ်း၊ ၃၃ လမ်း ထောင့်ရှိ အိုးရှင်းပေါ်တွင်လည်းကောင်း၊ ၇၈ လမ်း၊ ၄၂ လမ်း ခင်စောမူကွေ့ရှိ အထပ်မြင့်ဟိုတယ်ပေါ်တွင်လည်းကောင်း လာရောက်တပ်စွဲနေရာချထားကြောင်း သိရှိရသည်။

“လုံခြုံရေးအတွက်ဆိုပြီး ထွေ/အုပ်နဲ့ စစ်တပ်က အကြောင်းကြားပြီး တပ်စွဲတာပါ။ အခန်းတစ်ခုနဲ့ အဝင် အထွက် လမ်းကြောင်းတွေ ပြပေးရတယ်” ဟု မန္တလေးဟိုတယ်လုပ်ငန်းရှင်အသိုင်းအ၀ိုင်း သတင်းရင်းမြစ်က ရှင်းပြသည်။

ထို့ပြင် အများပြည်သူများ နေထိုင်သော အထပ်မြင့် အိမ်ရာတိုက်ခန်းများ၊ဘုန်းကြီးကျောင်းများနှင့် စျေးဝယ်စင်တာများတွင်လည်း လာရောက် တပ်စွဲမှုများရှိနေကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်တပ်က ကမ်းနားလမ်း၊ ညောင်ကွဲဘုန်းကြီးကျောင်း၊ ကမ်းနားလမ်း ဇေယျာထွန်း စျေးတိုက်ခန်း အပေါ်ထပ်၊ မြရည်နန္ဒာတိုက်ခန်း အပေါ်ဆုံးထပ်၊ ၈၄ လမ်း စျေးချိုအနားရှိ မန်းပလာဇာတို့တွင်လည်း အပေါ်ဆုံးတို့တွင်လည်း စစ်တပ်က တပ်သားများ လာရောက် နေရာချထား တပ်စွဲထားကြောင်း သိရှိရသည်။

လက်ရှိတွင် မန္တလေး PDF ၊ TNLA အပါအဝင် တော်လှန်ရေးမဟာမိတ်တပ်များက မန္တလေးမြို့နှင့် မိုင်အနည်း ငယ်ကွာဝေးသော မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ်များအထိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက် လာပြီဖြစ်သည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် မန္တလေးတွင် ကင်းလှည့်နေသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- Reuters။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article