26.5 C
Yangon

မြစ်ခြေမြို့ကို စစ်တပ်က ထပ်မံစစ်ကြောင်းထိုး ဝင်ရောက်လာပြီး ရိက္ခာ ပြန်ယူသည့် ပြည်သူ ၃ ဦးကို ထပ်မံဖမ်းဆီးထား၊ ဘုတ်ပြင်းမြို့နယ်တွင်လည်း တိုက်ပွဲများ ပြင်းထန်နေ၍ လမ်းပိုင်းတချို့ ပိတ်ထား

Must read

ရန်ကုန်၊ ဇွန် ၁၄

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အတွင်းကို အကြမ်းဖက် စစ်တပ်က ထပ်မံစစ်ကြောင်းထိုး ဝင်ရောက်လာပြီး ရိက္ခာပြန်ယူသည့် ပြည်သူ ၃ ဦးကို ထပ်မံဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့တွင် ပုဂံ-ညောင်ဦးဘက်မှ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စက်လှေ ၃ စီးဖြင့် လက်နက်ကြီးပစ်ကူများယူကာ မြစ်အနောက်ဘက်ကမ်းသို့ ကူးလာခဲ့ရာ ညောင်နီပင်ရွာနှင့် ညောင်လှရွာအတွင်းကို သေနတ်များ ရမ်းသမ်းပစ်ခတ်ကာ စစ်ကြောင်းထိုးလာပြီး BPI စက်ရုံအတွင်းသို့ ဝင်ရောက်တပ်စွဲခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် မြစ်ခြေစခန်းသိမ်းတိုက်ပွဲဖြစ်ပွားပြီးနောက် ရောက်ရှိလာသည့် စစ်ကြောင်းနှင့် ဇွန်လ ၁၂ ရက်နေ့ ညပိုင်းတွင် ထပ်မံအားဖြည့်လာသည့် စစ်ကြောင်းများသည် အင်အား ၂၀၀ ခန့် ရှိပြီး BPI စက်ရုံအတွင်း၌ တပ်စွဲထားပြီး မြစ်ခြေမြို့အတွင်းသို့ တပ်ဖြန့်နေရာယူထားကြောင်း၊ အဆိုပါ အကြမ်းဖက် စစ်တပ်သည် ထပ်မံဝင်ရောက်လာစဉ် မြစ်ခြေမြို့အတွင်းသို့ ရိက္ခာပြန်လည်ယူဆောင်ရန် လာသည့် ရွာသာအေးရွာနှင့် မြို့မရွာတို့မှ အသက် ၄၈ နှစ်အရွယ် ကိုဝင်းကြိုင်၊ အသက် ၄၃ နှစ်အရွယ် ကိုကျော်သူရနှင့် အသက် ၅၆ နှစ်အရွယ် ဦးကြည်အေးတို့ ၃ ဦးကို စစ်တပ်က လမ်းတွင်ဖမ်းဆီးသွားခဲ့ပြီး လက်ရှိအချိန်အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

“စစ်ခွေးစစ်ကြောင်းက ဇွန်လ ၁၂ ရက်နေ့ ကူးလာတဲ့ စက်လှေ ၃ စီးက လက်နက်ပစ်ကူယူပြီးတော့မှ မြစ်အနောက်ဘက်ကို ကူလာတယ်။ အဲ့စစ်ကြောင်းက ညောင်နီပင်နဲ့ ညောင်လှရွာနား ရောက်တော့ သေနတ်တွေပစ်ပေါက်ပြီး BPI စက်ရုံထဲကို ဝင်သွားတယ်။ BPI ကနေပြီး မြစ်ခြေမြို့ထဲကူးသွားတယ်။ ပုံဂံ-ညောင်ဦးဘက်က လာတဲ့စစ်ကြောင်းက အခုလက်ရှိ မြစ်ခြေမြို့ထဲ တပ်စွဲထားပြီး လာတဲ့ပြည်သူတွေကို ထပ်ဖမ်းဆီးထားတယ်။ အဲ့နေ့ကပဲ အဲ့စစ်ကြောင်းက အသက် ၄၈ နှစ် ကိုဝင်းကြိုင်၊ အက် ၄၃ နှစ်ကိုကျော်သူရ၊ အသက် ၅၆ ဦးကြည်အေးတို့ ၃ ဦးကို ဖမ်းသွားတယ် အခုထိ အဆက်မသွယ်မရဘူး။ အဲ့နေမနက်က သူ ၃ ဦးက မြစ်ခြေမြို့ထဲ ရိက္ခာပြန်ယူရင်းလမ်းမှာထိုးပြီး ဖမ်ဆီးခံရတာ။ လက်ရှိတော့ စစ်ကြောင်း လှုပ်ရှားမှုမရှိသေးဘဲ မြစ်ခြေမြို့ထဲမှာ ကင်းပုန်ဝပ်နေတယ်လို့ သိရတယ်။ အဲ့ဖမ်းခံရတဲ့သူတွေက ရွာသာအေးရွာနဲ့ မြို့မဘက်က လို့သိရတယ် ကျန်တာမသိရသေးဘူး။ ပုံဂံညောင်ဦးဘက်က မြစ်ခြေစခန်းသိမ်းတဲ့နေက လာတဲ့ စစ်ကြောင်းနဲ့ ဇွန်လ ၁၂ ရက်နေ့ ည ၉ နာရီကလာတဲ့ စစ်ကြောင်းတွေက ဘယ်မှမထွက်ဘဲ BPI ထဲဝင်ပြီး မြစ်ခြေမြု့မှာတပ်ဖြန့်ထားတယ်။ ပုံဂံညောင်ဦးဘက်ကလာတဲ့ စစ်ကြောင်းကတော့ မြစ်ခြေမြို့မှာပဲ BPI ကစစ်ကြောင်း ဆက်ချိတ်ပြီးတော့ ခြေကုတ်ယူထားတယ်။ အင်အားက ၂၀၀ လောက်ရှိမယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်က ထပ်မံစစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် ညောင်နီပင်ရွာ၊ ညောင်လှရွာ၊ သိမ်တော်ရွာ၊ အိုင်ကြီးရွာ၊ ကံကြီးစုရွာ၊ မုံ့ကုံးရွာ၊ ဖက်ပင်ရွာ၊ သဇင်ရွာ၊ ကြည်စုရွာ၊ သရက်တောရွာ၊ တိုးချဲ့ ၃၊ တိုးချဲ့ ၁၊ အိုင်ရှည်ရွာ၊ ကြက်ရှာရွာ၊ ရွာသာအေးရွာ၊ ထနောင်းကုန်းရွာ၊ မြို့သစ်ရွာ၊ မြို့မရွာ၊ ကြောင်ပန်းခုံရွာနှင့် ဖိုကုန်းရွာများ အပါအဝင် ကျေးရွာပေါင်း ၃၀ ကျော်မှ ပြည်သူ ၈ သောင်းခန့်သည် နေအိမ်များကို စွန့်ခွာကာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်ပြည်သူများမှာ စားနပ်ရိက္ခာ၊ မိုးကာများနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်လျက်ရှိပြီး ကျန်းမာရေးဆိုင်ရာ အခက်အခဲများနှင့် ဆိုးဝါးစွာ ကြုံတွေ့နေရကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်သည် ပြီးခဲ့သည့် မေလနှောင်းပိုင်းနှင့် ဇွန်လဆန်းပိုင်းအတွင်းကလည်း မြစ်ခြေမြို့ပေါ်သို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် လူငယ်များအပါအဝင် ပြည်သူ ၅၀ နီးပါးကို ဖမ်းဆီး၍ အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်တွင်လည်း တိုက်ပွဲများ ပြင်းထန်နေ၍ လမ်းပိုင်းတချို့ ပိတ်ထားကြောင်း ကော့သောင်းခရိုင်တပ်ရင်း ၁ က ထုတ်ပြန်ထားသည်။

ဇွန်လပိုင်းမှ စတင်၍ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညာကျေးရွာ၊ ရတနာပုံလမ်းပိုင်းနှင့် ပြည်ထောင်စု လမ်းမကြီးတလျှောက်ရှိ နယ်မြေများတွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးအဖွဲ့ များကြား နှစ်ဖက်ပြန်လှန်ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားနေကြောင်း သိရသည်။

ထို့ကြောင့် ဇွန်လ ၁၃ ရက်နေ့မှ စတင်၍ တော်လှန်ရေးပူးပေါင်းအဖွဲ့များနှင့် အကြမ်းဖက် စစ်တပ် အကြား အချိန်မရွေးထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားလာနိုင်သောကြောင့် လေညာ-ပြည်ကြီးမဏ္ဍိုင်၊ ရတနာပုံလမ်းပိုင်းနှင့် ပြည်ထောက်စုလမ်းမကြီးတလျှောက် နေထိုင်လျက်ရှိသော ပြည်သူများ စစ်တပ်နှင့် နီးကပ်စွာနေထိုင်ခြင်း၊ နီးကပ်စွာသွားလာခြင်းများ ရှောင်ကြဥ်ကြပါရန်နှင့် အနီးနားရှိခြံပိုင်ရှင်များ၊ တော်လှန်ရေးအဖွဲ့များမှ ပြောင်းရွှေ့နေထိုင်ရန် သတိပေးထားသော ပြည်သူများအနေဖြင့် ‌ရွှေ့ခိုင်းထားသောနေရာများတွင် နေထိုင်ပေးကြရန် ကော့သောင်းခရိုင်တပ်ရင်း ၁ က အသိပေးပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article