မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့က တစ်ဖက်သတ် အပစ်ရပ်ထားသော် လည်း စစ်ကောင်စီက လားရှိုးနှင့်ကျောက်မဲတွင် တိုက်ခိုက်မှုများ လုပ်ဆောင်၊ အရပ်သားများ ထိခိုက်သေဆုံး
ရန်ကုန်၊ ဇူလိုင် ၁၅
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့က ၄ ရက်ကြာ ယာယီတစ်ဖက်သတ် အပစ်ရပ်ထားသော်လည်း စစ်ကောင်စီက လားရှိုးနှင့်ကျောက်မဲတွင် တိုက်ခိုက်မှုများ လုပ်ဆောင်သဖြင့် အရပ်သားများ ထိခိုက်သေဆုံးနေကြောင်း TNLA နှင့် ဒေသပြည်သူများထံမှ သိရှိရသည်။
ယနေ့တွင် ကျောက်မဲမြိုနယ် စစ်ကောင်စီတပ် ခမရ- ၅၀၁၊ ၅၀၂ တပ်ဖွဲဝင်များက ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် စခန်းအနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA တိုနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုအတူ ကျောက်မဲမြိုနယ် နတ်တောင်အနီးတဝိုက်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အလားတူ ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၃ မိနစ်အချိန် ကျောက်မဲမြိုနယ် နောင်ပိန်လေးရွာ တွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နောင်ချိုမြိုနယ် နောင်အောရွာနှင့် သဲခေါ်ရွာသို ဘန်ဘွေးအခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်
၆ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထို့အတူ ယနေ့၊ ကျောက်မဲတွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးဆက်တိုက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၃ ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယနေ့ ညနေ ၃ နာရီအချိန် ကျောက်မဲမြို့တွင် စစ်ကောင်စီက လက်နက်ကြီး အလုံး ၃၀ ခန့်ပစ်ခတ်ခဲ့ရာ နမ့်ဟူးတောင်အထက်ကျေးရွာနေ အဖွားအို ၁ ဦးထိမှန်သေဆုံးသွားကြောင်း ၊ကျောက်မဲမြို ရပ်ကွက် ၉ တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ထိမှန်မှုကြောင့် အရပ်သား ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ယနေ့မွန်းလွဲ ၃ နာရီခန့်အချိန် သိန္နီမြို လမ်းဆုံတွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ယင်းအပြင် MNDAA က ရှမ်းမြောက်တွင် ၄ ရက်တာ အပစ်ရပ်ထားသော်လည်း လားရှိုးမြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ အထူးသဖြင့် မယ်ဟန်ဗျူဟာကုန်းနှင့်စစ်ဆေးရေးဂိတ်တွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများရှိကြောင်း သိရှိရသည်။
“အရင်ကမှ အသံပဲကြားရတာ။ ပစ်တာခတ်တာက။ အခုက အပစ်ရပ်ပြီးမှ ပစ်ခတ်နေတဲ့ လက်နက်ကြီးမီးလုံးကြီးတွေ မြင်နေရတယ်။ အခုလည်း ပစ်နေခတ်နေတုန်းပဲ။ ပစ်ခတ်သံတွေ တောက်လျှောက်ပဲ” ဟု လားရှိုးမြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဇူလိုင်လ ၁၄ ရက်နေ့ ည ၁၂ နာရီမှ ဇူလိုင်လ ၁၈ ရက်နေ့ ည ၁၂ နာရီအထိ ယာယီ အပစ်အခတ်ရပ်စဲကြောင်း ယမန်နေ့တွင် အသီးသီးကြေညာခဲ့ကြသည်။



