ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာမှ ကင်းစောင့်ရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၄ ဦး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ
ရန်ကုန်၊ ဇူလိုင် ၁၇
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာမှ ကင်းစောင့်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ ၄ ဦး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၆ နာရီ ၁၂ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူကျေးရွာမှ နေ့ကင်းယူရန် ထွက်လာသော စစ်သား၊ ရဲ နှင့် ပျူစောထီးများကို ၎င်းတို့ နေရာယူမည့် ဘန်ကာထဲတွင် တော်လှန်ရေးရဲဘော်များက လက်ဦးမှုရယူ၍ အသင့်စောင့်ဆိုင်း နေရာယူပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ပွဲသည် ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးခဲ့ကာ ၎င်းတို့ထံမှ MA – 1 သေနတ် ၁ လက် ၊ Magazine ၁ ခု ၊ 5.56 ကျည် ၅၀ တောင့် ၊ G-3 သေနတ် ၁ လက် ၊ Magazine ၃ ခု ၊ 7.62 ကျည် ၁၄၀ တောင့် ၊ လက်ပစ်ဗုံး ၁ လုံး၊ ဖုန်း ၁ လုံး ၊ စကားပြောစက် ၁ လုံး တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရွှေဘို၊ Special Troop Of Anyar Revolution (S.T.A.R) အညာဒေသအထူးတော်လှန်ရေးတပ်ဖွဲ့ ၊ ဗိုလ်ဂျပန်ကြီး ရွှေဘို၊ Bo Ba Taw -SHWEBO၊ Golden Eagles – ZBG အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ဆက်လက်၍ ပြည်သူများကို ဒုက္ခအမျိုးမျိုးပေးနေသော စစ်သား ၊ ရဲ ၊ ပျူစောထီးများနှင့် စစ်တပ် ထောက်တိုင်များကို တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။