25 C
Yangon

မိုးကုတ်နှင့်ကျောက်မဲတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁၈ ဦးသေဆုံးပြီး ၁၉ ဦးထိခိုက်ဒဏ်ရာရ

Must read

မိုးကုတ်နှင့်ကျောက်မဲတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁၈ ဦးသေဆုံးပြီး ၁၉ ဦးထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၁၈

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA မှ ဇူလိုင် ၁၅ ရက်နေ့ည မှ ယနေ့ ၁၈ ရက်နေ့အထိ တစ်ဖက်သတ်အပစ်ရပ်ရန်ညွှန်ကြားထားသည့် ၄ ရက်အတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၈ ဦးသေဆုံးပြီး ၁၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PSLF/ TNLA က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၁၈ ရက်နေ့ တွင်မူ မိုးကုတ်မြို့ အရှေ့ပိုင်း ကုန်းမြင့်သာယာ၊ မင်းတံတားရပ်၊ ဖောင်တော်ဦးဘုရား၊ ဟက်ဖလားရပ်နှင့် မြို့မရပ်ကွက်တို့တွင် အကြမ်း ဖက် စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မယ် သီလရှင် ၃ ပါး အပါအဝင် ပြည်သူ ၉ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇူလိုင်လ ၁၇ ရက်နေ့တွင်လည်း ကျောက်မဲမြို့ ခိုမုန်းသစ်စက်ဝန်းတွင် အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးပွဲချင်းပြီးသေဆုံးခဲ့သည့်အပြင် လားရှိုးမြို့ ရပ်ကွက် ၁ တွင် လက် နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ‌ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း၊ မိုးကုတ်ညောင်လေးပင်တွင်လည်း လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် အမျိုး သားတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဇူလိုင် ၁၆ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက အတွဲလိုက်ဒုံးပစ်ခတ်မှုကြောင့် မိုးကုတ်အနောက်ပိုင်း ကျပ်ပြင်အုပ်စု ပန်းမချယ်ရီရပ်ကွက်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၂ ဦးသေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PSLF/ TNLA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဇူလိုင် ၁၅ ရက်နေ့တွင်လည်း ကျောက်မဲမြို့၌ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးနှင့်ဆက်တိုက် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးသွားပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တစ်ဖက်သတ်အပစ်ရပ်ရန် ညွှန်ကြားထားသည့် ၄ ရက်အတွင်းတွင် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူပိုင် ကား ၃ စီးမီးလောင်ခဲ့ပြီး နေအိမ် ၁၅ လုံးထက်မနည်းထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇူလိုင်လ ၁၇ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန်မှစ၍ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ကျောက်မဲမြို့အရှေ့ဖက် နတ်ရေကန်၊ နမ့်တုံအပေါ်ရွာနှင့် နတ်တောင်ဖက်ခြမ်း၊ ဇောတိကုန်းရွာ၊ နမ့်ဟူးတောင်အထက်၊ ပန်ပေါင်းရပ်နှင့် အေရှားဝေါတိုးဂိတ်တို့တွင် စုစုပေါင်း အကြိမ် ၄၀ ထက်မနည်းပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲ ၂၄ ရက်အတွင်း အကြမ်းဖက်စစ်တပ်၏ ပြည်သူများကို ဦးတည်၍ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ စုစုပေါင်း ၉၄ ဦးသေဆုံးပြီး ၁၃၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article