တောင်ငူနှင့် မြင်းခြံတို့တွင် စစ်ကောင်စီတပ်များကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိ
ရန်ကုန်၊ ဇူလိုင် ၂၀
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကျွဲပွဲမြို့အနီး ကျောက်တိုင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးနိုင်ကြောင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်းအမှတ် ၃၅၀၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် တောင်ငူမြို့နယ်၊ ကျွဲပွဲမြို့အနီး ကျောက်တိုင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့ကို တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၃၅၀၂၊ Delta One Drone Team မှ ၅ ကီလိုဂရမ် ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးထိမှန်ခဲ့ကြောင်း၊ အဆိုပါ စစ်သား ၃ ဦးသည် ဒဏ်ရာပြင်းထန်၍ သေဆုံးမှုရှိနိုင်ကြောင်း ၊ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်ခဲ့ရာ ညနေ ၄ နာရီခန့်တွင် တော်လှန်ရေး ရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ဇူလိုင်လ ၁၉ ရက်နေ့ မန္တလေးတိုင်း၊မြင်းခြံခရိုင်၊မြင်းခြံမြို့နယ်ရှိ ပျူစောထီးများတပ်စွဲထားသော လေးရွာဆုံ မြို့ရှောင်လမ်း ဇီးခြံအနီး နှင့် ပျူစောထီး ခေါင်းဆောင် သီတာယုမွန်အိမ်တို့ကို Shar-Htoo-waw နည်းပညာ Fixed Wing drone များဖြင့် ဗုံးများကျဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးသေဆုံးကြောင်း၊ ၇ ဦးဒဏ်ရာရရှိပြီး ၄ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရှိရသည်။
အဆိုပါ စစ်ဆင်ရေးတွင် Anyar Federal Task Force (AFTF)နှင့်အတူ မဟာ မိတ်အဖွဲ့များဖြစ်သော Freedom Fighter Guerrilla Force (FFGF)နှင့် 8 Stars အဖွဲ့တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ၊ Delta One Drone တပ်ဖွဲ့က ဒရုန်းလွှတ်တင်ရန် ပြင်ဆင်နေစဉ်။