ဟားခါးမြို့မရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်မှု ရဲ ၄ ဦးသေဆုံးပြီး နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၆၂ ဦးကို ကယ်ထုတ်နိုင်၊ သိမ်းဆည်းရရှိသော လက်နက် ၂၃ လက်နှင့် ကျည်ဆန်များ ထုတ်ပြ
ရန်ကုန်၊ ဇူလိုင် ၂၀
ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်ရှိ မြို့မရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ရဲ ၄ ဦး သေဆုံးပြီး နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၆၂ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း CDF Hakha က တရားဝင်သတင်းထုတ်ပြန်သည်။
ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် ဟားခါးမြို့ပေါ်ရှိ မြို့မရဲစခန်းအတွင်းသို့ Operation Rung အမည်ဖြင့် Chinland Defense Force – Hakhaက ဟားခါးမြို့မရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း၊ ချင်းပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ရဲ ၄ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း ၊ ရဲစခန်း၏ အချုပ်ခန်းအတွင်းမှ အကျဉ်းသား အမျိုးသား ၄၉ ဦးနှင့် အမျိုးသမီး ၁၃ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ ချင်းတော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“အခုလုံခြုံတဲ့နေရာပြန်ရောက်ပြီ၊ ငါတို့စခန်းပြန်ရောက်ပြီ။ ဒီမနက် ၅ နာရီခွဲလောက်ကနေ စတိုက် တာ၊ ရဲ ၃ ယောက်တော့ ကျသွားတာပေါ့၊ စခန်းမှာက စစ်သားမရှိဘူး။ ရဲတွေပဲ၊ ရဲက ၁၄ ယောက် လောက်ရှိတယ်။ ကျန်တဲ့ရဲတွေက ထွက်ပြေးသွားတာ၊ ဖမ်းမိတာမရှိဘူး၊ လုပ်နိုင်သလောက်ပြီး ချက် ချင်းပြန်ဆုတ်လာခဲ့တာ၊ မိန်းကလေး ၁၃ ယောက်နဲ့ ယောက်ျားလေး ၄၉ ယောက် အားလုံးပေါင်း ၆၂ ယောက်ပေါ့၊ နိုင်ငံရေးအကျဉ်းသားတွေရော၊ အခြားအကျဉ်းသားတွေရောအားလုံးပဲ အခုတော့ စစ်ဆေးနေတုန်း၊ စိစစ်နေတုန်း၊ ဒီလောက်ပဲ ပြောလို့ရဦးမယ်” ဟု CDF Hakha တပ်မဟာ ၄ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ထိုသို့ မြို့မရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ချိန်တွင် အကြမ်းဖက်စစ်သားများက စစ်ကူပေးခြင်း မရှိကြောင်း၊ ယခုအချိန်တွင် ချင်းပူးပေါင်းတော်လှန် ရေးတပ်ဖွဲ့ဝင်များက မြို့ပြင်မှ အသင့်စောင့်ဆိုင်းနေ ပြီး အကြမ်းဖက်စစ်သားများမှာ မြို့တွင်းရှိ ၎င်းတို့ တပ်ရင်းစခန်းအတွင်း၌ ပုန်းခိုနေကြောင်း သိရ သည်။
အဆိုပါတိုက်ခိုက်မှုအတွင်း လက်နက် ၂၃ လက်နှင့် ကျည်ဆန်အများအပြား သိမ်းဆည်းရရှိကြောင်း CDF ဟားခါးက ဓာတ်ပုံနှင့်တကွ သတင်းထုတ်ပြန်ထားသည်။