ချောက်မြို့နယ်၊ ဆူးတောရွာသို့ ဝင်ရောက်နေရာယူသည့် စစ်တပ်ကို တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် ၁၁ ဦးသေဆုံး၊ ရွှေဘိုတွင်လည်း ပျူစောထီးကျေးရွာများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
ရန်ကုန်၊ ဇူလိုင် ၂၁
မကွေးတိုင်း၊ ချောက်မြို့နယ်၊ မြေပဒုံအုပ်စု၊ ဆူးတောကျေးရွာအတွင်း ဝင်ရောက်နေရာယူသည့် အ ကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ အရာရှိ ၁ ဦးအပါအဝင် ၁၁ ဦးသေဆုံးသွားကြောင်း Chauk Guerrilla Force (C.G.F) တာဝန်ခံ ကိုဘကွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ယမန်နေ့ ဇူလိုင်လ ၂၀ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် ချောက်မြို့နယ်၊ မြေပဒုံအုပ်စု၊ ဆူးတောကျေး ရွာအတွင်း အင်အား ၃၀ ကျော်ဖြင့် ဝင်ရောက် နေရာယူတပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၄၅ မိနစ် ခန့်ကြာမြင့်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ စစ် အရာရှိ ၁ ဦးနှင့် တပ်သား ၁၀ ဦးသေဆုံးကာ အ များအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“တိုက်ပွဲ ၄၅ မိနစ်လောက်ကြာခဲ့တယ်၊ နယ်မြေထိန်းချုပ်နိုင်ဖို့ ဝင်ပြီးနေရာယူတာ၊ ကုန်းကြီးကနေ ဝင်လာတာလို့ သိရတယ်၊ ညကတပ်ဆုတ်သွားသေးတယ်၊ အဲလိုတပ်ဆုတ်သွားတဲ့အချိန်မှာ လက် နက်ကြီးတွေနဲ့ ခြောက်ပစ်ပစ်ပြီး တပ်ကူတွေနဲ့လာခေါ်သွားတာ။ အင်အား ၃၀ ကျော်ရှိတာ အရာရှိ တစ်ဦးပါ ၁၁ ယောက်လောက်ကျသွားတာဆိုတော့ ညကပြန်ဆုတ်သွားတယ်၊ အခုမနက်တော့ ပြန် ဝင်လာ တာမျိုးရှိနိုင်တယ်၊ လက်နက်တွေတော့ မသိမ်းဆည်းနိုင်လိုက်ဘူး” ဟု Chauk Guerrilla Force (C.G.F) တာဝန်ခံကိုဘကွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
အဆိုပါ တိုက်ခိုက်မှုကို Chauk Guerrilla Force (C.G.F) ၊ ချောက် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၇ နာရီမှ ည ၈ နာရီအချိန်အထိ ရွှေဘိုမြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာနှင့် သီလုံးကျေးရွာရှိ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ကူးတို့ဆိပ်ကျေးရွာတွင် ပျူစောထီးများ အထိနာသဖြင့် ဆင်အင်းကျေးရွာမှ စစ်ကြောင်းက စစ်ကူရောက်ရှိလာကြောင်း ၊ ဒရုန်းစစ်ဆင်ရေးကို Phoenix Wings နှင့် ဝေဟင်မြေပြင်မှ ရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း Phoenix Wings မှ ဗိုလ်လရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။