26 C
Yangon

တောင်အာဖရိက တရားရုံးချုပ်က မြန်မာနိုင်ငံကို စစ်လက်နက် ရောင်းချမှု မပြုလုပ်ရန် အမိန့်ချမှတ်၊ တရားရုံးချုပ် အမိန့်သည် အခြားနိုင်ငံ အများအပြားကိုပါ လက်ငင်းအကျိုးဆက်များ ရှိလာမည်ဟု JFM ပြောဆို

Must read

တောင်အာဖရိက တရားရုံးချုပ်က မြန်မာနိုင်ငံကို စစ်လက်နက် ရောင်းချမှု မပြုလုပ်ရန် အမိန့်ချမှတ်၊ တရားရုံးချုပ် အမိန့်သည် အခြားနိုင်ငံ အများအပြားကိုပါ လက်ငင်းအကျိုးဆက်များ ရှိလာမည်ဟု JFM ပြောဆို

ရန်ကုန်၊ ဇူလိုင် ၂၁

တောင်အာဖရိကနိုင်ငံ၊ ပရီတိုးရီးယားမြို့ ၊ ဂါးဒင် (Gauteng) ခရိုင် တရားရုံးချုပ်က မြန်မာနိုင်ငံကို စစ်လက်နက် ရောင်းချမှု မပြုလုပ်ရန် အမိန့်ချမှတ်လိုက်ပြီး တရားရုံးချုပ် အမိန့်သည် အခြားနိုင်ငံ အများအပြားကိုပါ လက်ငင်းအကျိုးဆက်များ ရှိလာမည်ဟု Justice For Myanmar က ပြောဆိုသည်။

ဇူလိုင်လ ၁၉ ရက်နေ့တွင် တောင်ပိုင်းအာဖရိက တရားရေးစင်တာ (SALC) သည် သမားရိုးကျ လက်နက်ထိန်းချုပ်ရေး အမျိုးသားအဆင့်ကော်မတီ (NCACC) က ခွင့်ပြုပေးထားသည့် မြန်မာနိုင်ငံသို့ စစ်လက်နက်လွှဲပြောင်းရောင်းချမှုများ လုပ်ဆောင်နိုင်သော ခွင့်ပြုမိန့်များကို ပယ်ဖျက် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လျှောက်ထားမှုကို လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေများ (LHR) အဖွဲ့က SALC ကို ကိုယ်စားပြုကာ လျှောက်ထားခဲ့ခြင်းဖြစ်ပြီး တရားရုံးချုပ်၏ အမိန့်တွင် NCACC အနေဖြင့် (၁) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွတ်သော အစိုးရအပြောင်းအလဲကို လုပ်ဆောင်ထားသည့် ၊ (၂) အထူးကိုယ်စားလှယ်၊ လွတ်လပ်အမှီအခို ကင်းသော ကျွမ်းကျင်သူ သို့မဟုတ် ကုလသမဂ္ဂ၏ အပ်နှင်းအာဏာဖြင့် လုပ်ဆောင်နေသည့်အခြားပုဂ္ဂိုလ်တို့က လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု၊ သို့မဟုတ် လူမျိုးတုံးသတ်ဖြတ်မှု တစ်ခုခု ကျူးလွန်ထားသည်ဟု ကျိုးကြောင်းဆီလျှော်စွာ သံသယဖြစ်ခံထားရသည့် နိုင်ငံတစ်ခုသို့ စစ်လက်နက်စာချုပ် သို့မဟုတ် လက်နက်တင်ပို့ခွင့်မှန်သမျှကို ဆိုင်းငံ့ထားရန် တာဝန်တစ်ရပ်ရှိကြောင်း ထပ်လောင်းကြေညာကြောင်း အမိန့်ချမှတ်ခဲ့သည်။

တရားရုံးချုပ်၏ အမိန့်သည် တောင်အာဖရိကနိုင်ငံမှ မြန်မာနိုင်ငံသို့ နောင်လက်နက်ရောင်းချမှုမှန်သမျှ အတွက် သာမက အခြားနိုင်ငံအများအပြားကိုပါ လက်ငင်းအကျိုးဆက်များ ရှိလာမည်ဖြစ်ရာ SALC နှင့် LHR အဖွဲ့တို့နှင့် အတူ မြန်မာနိုင်ငံသို့ စစ်လက်နက်ရောင်းချမှုများ ပိတ်ပင်ရေးလုပ်ဆောင်နေသည့် တက်ကြွလှုပ်ရှားသူ အဖွဲ့အစည်းကို ကြိုဆိုကြောင်း Justice For Myanmar ကပြောဆိုသည်။

“လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်အာဏာသိမ်းမှုရှိနေတဲ့ နိုင်ငံတစ်ခုဆီကို စစ်လက်နက်တင်ပို့တာတွေဟာ တရားမဝင်တဲ့ လုပ်ရပ်တွေပဲဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံမှာ တာဝန်ယူ၊ တာဝန်ခံမှု ပိုမိုကောင်းမွန်တဲ့ စစ်လက်နက်ကုန်သွယ်ရေးစနစ်တစ်ရပ် ဖန်တီးဖော်ဆောင်ရာမှာ အခုအမိန့်က အရေးပါလှပါတယ်။ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာဥပဒေတွေဟာ စစ်လက်နက်တင်ပို့မှုတွေအတွက် အထိန်းအကွပ်ဘောင်တွေ ဖြစ်တယ်ဆိုတာ ဒီအမိန့်က ပြသနေပါတယ်။ ပြစ်တင်ရှုတ်ချတယ်၊ စိုးရိမ်ပူပန်တယ်ဆိုတဲ့ စကားလုံးတွေ သက်သက်နဲ့တော့ မလုံလောက်ဘူးဆိုတာကို မြန်မာနိုင်ငံဥပမာက ပြသနေပါတယ်။ လူ့အခွင့်အရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ရာမှာ ဥပဒေကို ကျင့်သုံးဖို့၊ လိုအပ်ပါက ခွင့််ပြုမိန့်တွေကို ရပ်ဆိုင်းဖို့ ဒါမှမဟုတ် ပယ်ဖျက်ဖို့ စတဲ့ အရေးယူဆောင်ရွက်မှုတွေ လိုအပ်ပါတယ်” ဟု SALC ၏ နိုင်ငံတကာတရားမျှတရေးဌာန ခေါင်းဆောင်ဖြစ်သူ Dr Atilla Kisla က ပြောဆိုသည်။

တောင်အာဖရိကနိုင်ငံသည် လူ့အခွင့်အရေးနှင့် နိုင်ငံတကာဥပဒေများဖြင့် ကိုက်ညီသည့် နိုင်ငံခြားရေး မူဝါဒကို ကိုယ်တိုင်ချမှတ်ထားသည့် နိုင်ငံဖြစ်ပြီး တရားရုံးချုပ်၏ အမိန့်သည် နိုင်ငံတကာဥပဒေအရ လိုက်နာရမည့် တာဝန်များသည် လက်နက်တင်ပို့မှုအားလုံးနှင့် သက်ဆိုင်ကြောင်း ရှင်းလင်းထားပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းအား ဖောက်ဖျက်သည်ဟု စွပ်စွဲမှုများ၊ စစ်အာဏာသိမ်းမှုများ ရှိနေသည့် ယနေ့အချိန် မြန်မာနိုင်ငံကဲ့သို့ နိုင်ငံများသို့ လက်နက်တင်ပို့ရောင်းချမှုများသည် ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေများအား ချိုးဖောက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအမိန့်သည် အမိန့်အတွင်း ဖော်ပြထားသည့်အုပ်စုအတွင်း ကျရောက်နေသည့် နိုင်ငံများသို့ တင်ပို့မှုများအတွက် ခွင့်ပြုချက်များအားလုံးကို ပြန်လည်ဆန်းစစ်ရန်၊ ဆိုင်းငံ့ရန် သို့မဟုတ် ပယ်ဖျက်ရန် NCACC အား ညွှန်ကြားထားပြီး အခြေခံအားဖြင့် ယခုအမိန့်သည် လူ့အခွင့်အရေးကို အခြေခံသည့်၊ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာသည့် နိုင်ငံခြားရေးမူဝါဒ တစ်ရပ်ကို ဖော်ဆောင်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ဒီအမှုဟာ ဥပဒေဆိုင်ရာ လိုက်နာရမယ့် တာဝန်တွေဖြစ်ရုံသာမက ကျင့်ဝတ်ဆိုင်ရာ တာဝန်ရှိမှုအကြောင်း လည်းပဲ ဖြစ်ပါတယ်။ ထင်ရှားတဲ့ သက်သေအထောက်အထားတွေ ရှိနေချိန်မှာ NCACC ရဲ့ အရေးယူဆောင်ရွက်မှု မရှိခဲ့တာဟာ ဥပဒေကြောင်းဆိုင်ရာ ထိန်းကွပ်မှုကိစ္စ သက်သက်မဟုတ်ဘဲ ကျင့်ဝတ်ဆိုင်ရာ ပျက်ကွက်မှု တစ်ခုလည်း ဖြစ်ပါတယ်။ ယနေ့အမိန့်ဟာ တောင်အာဖရိကရဲ့ မူဝါဒတွေက ကျွန်ုပ်တို့ရဲ့ တန်ဖိုးတွေနဲ့ အခြေခံမူတွေကို ထင်ဟပ်ကြောင်း သေချာစေမယ့် အလားအလာ ရှိနေပါတယ်” ဟု LHR မှ တရားလွှတ်တော်ရှေ့နေဖြစ်သူ Charné Tracey က ပြောဆိုသည်။

၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များတွင် မြန်မာအာဏာပိုင်များသည် ၎င်း၏ ပြည်သူများအပေါ် ပြန်လည်ကျူးလွန်မှု ဖြစ်သည့် နိုင်ငံအတွင်း ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ရိုဟင်ဂျာ လူနည်းစုများ၏ ဒုက္ခသည် အကျပ်အတည်းနှင့် ရိုဟင်ဂျာလူနည်းစုများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဟု စွပ်စွဲမှုများကို ဖြစ်ပေါ်စေသည့် လုပ်ရပ်များကို ကျူးလွန်ခဲ့ကြောင်း၊ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော အချက်အလက်ရှာဖွေရေးအဖွဲ့ ကဲ့သို့သော ကုလသမဂ္ဂ အဖွဲ့အစည်းများသည် စစ်ခေါင်းဆောင်များအား လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများအတွက် စုံစမ်းစစ်ဆေးရန်နှင့် တရားစွဲဆိုရန် လိုအပ်ကြောင်း ၎င်းတို့၏ သက်ဆိုင်ရာ အစီရင်ခံစာများတွင် ထပ်ခါတလဲလဲ ပြောကြားထားကြောင်းသိရသည်။

ယင်း အခြေအနေတွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) သည် စွပ်စွဲထားသည့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇ၀တ်မှုများအတွက် မြန်မာနိုင်ငံ/ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အခြေအနေကို စုံစမ်းစစ်ဆေးရန် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ၊ ၁၄ ရက်နေ့တွင် ICC ၏ တရားစွဲဆိုရေးဆိုင်ရာဥပဒေအရာရှိသို့ ခွင့်ပြုပေးခဲ့ကြောင်း၊ သီးခြားအမှု တစ်ရပ်အနေဖြင့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) သည် မြန်မာနိုင်ငံဆိုင်ရာ အစီအမံများကို ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ၄င်းတို့အာဏာပိုင်နယ်မြေ အတွင်းရှိ ရိုဟင်ဂျာအုပ်စုဝင်များနှင့် စပ်လျဉ်း၍ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းနှင့်အညီ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသည့်အစိုးရကို အခြေခံဥပဒေနှင့် မလျှော်ညီသည့် အာဏာသိမ်းမှုဖြင့် ဖြုတ်ချခဲ့ပြီး ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း တောင်အာဖရိကနိုင်ငံမှ မြန်မာနိုင်ငံသို့ စုစုပေါင်း ရွန်ငွေ ၂၁၅,၇၃၅,၆၇၇ (အမေရိကန်ဒေါ်လာ ၁၁,၈၆၆,၂၁၆) တန်ဖိုးရှိသည့် စစ်လက်နက်များ တင်ပို့ခဲ့ပြီးSALC သည် ၎င်း၏ တိုင်ကြားချက်ကို တရားရုံးချုပ်သို့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် တင်သွင်းခဲ့ကြောင်းသိရသည်။

” ဒီလိုလက်နက်လွှဲပြောင်းရောင်းချမှုတွေဟာ ပြည်တွင်းဥပဒေ၊ နိုင်ငံတကာဥပဒေတွေနဲ့ မကိုက်ညီကြောင်း ရှင်းလင်းပြောကြားခြင်းအားဖြင့် အခုအမိန့်ဟာ မြန်မာပြည်သူတွေကို ကာကွယ်ပေးမှာ ဖြစ်တဲ့အတွက် တရားရုံးချုပ်ရဲ့ ယခုကိစ္စအပေါ်ချမှတ်တဲ့ စီရင်ချက်ကို ကြိုဆိုပါတယ်။ ဒီလိုခွင့်ပြုချက်မျိုးက အစကတည်းက အတည်ပြုမပေးခဲ့သင့်တဲ့ ခွင့်ပြုချက်တွေ ဖြစ်ပါတယ်။ တောင်အာဖရိက လက်နက်လွှဲပြောင်းရောင်းချမှုဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အပြည့်အ၀ အသက်ဝင်အောင် ဆောင်ရွက်မယ်လို့ မျှော်လင့်ပါတယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article