အွန်လိုင်းမှ အစားအသောက်၊ အလှကုန်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် လူသုံးကုန်များရောင်းချမှုများကို တရားမဝင် ကုန်သွယ်မှု အဖြစ် သတ်မှတ်ပြီး ဖမ်းဆီးရန် စစ်ကောင်စီက ညွှန်ကြား
■ ပစ္စည်းရောင်းချသော Facebook Page များထံသို့ နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ်များ မက်ဆင်ဂျာမှ ပေးပို့ရန် စစ်ကောင်စီပူးပေါင်းအဖွဲ့က လိမ်လည်တောင်းခံပြီး လိုက်လံ ဖမ်းဆီး
ရန်ကုန်၊ ဇူလိုင် ၂၂
အကြမ်းဖက်စစ်ကောင်စီက အွန်လိုင်းမှ အစားအသောက်၊ အလှကုန်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် လူသုံးကုန်များရောင်းချမှုများကို တရားမဝင် ကုန်သွယ်မှု အဖြစ် သတ်မှတ်ပြီး ဖမ်းဆီးရန် ညွှန်ကြားလိုက်သဖြင့် Online Page များကို စောင့်ကြည့် ဖမ်းဆီး အရေးယူနေကြောင်း သိရှိရသည်။
အဆိုပါ ဖမ်းဆီးမှုများကို အဓိကအားဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ ခင်ဇော်က ဦးဆောင်လုပ်ဆောင်ပြီး ရဲတပ်ဖွဲ့၊ အကောက်ခွန်၊ စစ်တပ်၊ ပြည်တွင်းအခွန်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အပါအဝင် ဌာနပေါင်းစုံပါဝင်ကြောင်း၊ ယင်းဖမ်းဆီးရေးအဖွဲ့များသည် ဒုစစ်ခေါင်းဆောင် စိုးဝင်း၏ အမိန့်ခံယူ၍ ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
အွန်လိုင်းမှ အစားအသောက်၊ အလှကုန်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် လူသုံးကုန်များရောင်းချမှုများကို ဖမ်းဆီးရန်နှင့် Online Page များကို စောင့်ကြည့်ရန် စစ်ကောင်စီ၏ ပူးပေါင်းအဖွဲ့များအကြား Online MediaCase Viber Group ဖွင့်လှစ်ထားပြီး ယင်း Viber Group တွင် ဝန်ကြီးဌာနပေါင်းစုံ ပါဝင်ကြောင်း သိရှိရသည်။
စစ်ကောင်စီက အရေးယူရာတွင် အစားအသောက်နှင့် ဆေးဝါးများကို အွန်လိုင်းက ရောင်းချသည်ဆိုပါက FDA ၏ လိုင်စင် ရှိ၊ မရှိ၊ ဆေးဝါးနှင့် အလှကုန်၊ လူသုံးကုန်ပစ္စည်းများဆိုပါက သွင်းကုန်လိုင်စင်ရှိ၊ မရှိ စိစစ်ကြောင်း၊ ယင်းနောက် ရောင်းချသည့် လိပ်စာကို စုံစမ်းကာ ယင်းလိပ်စာများအတိုင်း ဝင်ရောက်စီးနင်း ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရှိရသည်။
ယခုကာလအတွင်း အစားအသောက် Online Page ၃၅ ခုကို စိစစ်ပြီး စစ်ဆေးအရေးယူမှု ၃ ခုကို လုပ်ဆောင်ခဲ့ကြောင်း၊ စစ်ဆေးအရေးယူမှု ၃ ခုမှာ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်ရှိ Cherry Mart BKK Snacks-2 Online Shop ဆိုင်မှ Oishi အမှတ် တံဆိပ် Black Tea များကိုလည်းကောင်း၊ အရှေ့ဒဂုံစက်မှုဇုန်ရှိ Astra Wellness Myanmar Facebook Page မှ She Glow အမှတ်တံဆိပ် ရှဉ့်မတက် ဖြည့်စွက်စာ၊ Fenupro အမှတ်တံဆိပ် ပဲနံ့သာဖြည့်စွက်စာ၊ Testopower+ အမှတ်တံဆိပ် အမျိုးသားကျန်းမာရေးဖြည့်စွက်စာ တို့ကို အရေးယူခဲ့ကြောင်း၊ ထို့ပြင် မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ပန်းဘုရင် နို့နေကြာနှင့် မုန့်မျိုးစုံဆိုင်တွင် သွင်းကုန်လိုင်စင်မရှိသော တရုတ်နိုင်ငံမှ တင်သွင်းသည့် Spicy Gluten တရုတ်အသားပြားများကို ဖမ်းဆီး အရေးယူခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် စစ်ကောင်စီက ဆေးဝါးရောင်းချသော Online Page ၈ ခုကို စိစစ်ပြီး ၅ ခုကို ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း၊ FDA နှင့် မှုခင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့က သင်္ဃန်းကျွန်းမြို့နယ်တွင် ဆေးဝါး မှတ်ပုံတင် မရှိသော ဆေးများ ရောင်းချနေသည့် ဆိုင်ကိုလည်းကောင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ Evercare ဆေးကုမ္ပဏီ၏ ဆေးဝါးသိုလှောင်ခန်းမှ တရားမဝင် ဆေးဝါးများကိုလည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ်ရှိ Dr. S. Thetice အလှအပရေးရာ ဆေးခန်းမှ တရားမဝင် ဆေးဝါး ၂၈ မျိုး အပါအဝင် ဖမ်းဆီးမှု ၅ ခုကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အွန်လိုင်းမှ ပစ္စည်းရောင်းချသူများကို ဖမ်းဆီးရရှိမှုများကို ဥပဒေနှင့်အညီ အရေးယူပြီး လိပ်စာ စုံစမ်း၍ မရသော အွန်လိုင်းပစ္စည်းရောင်းချသော Facebook Page များကို လူမှုကွန်ရက်မှ ဖြုတ်ချနိုင်ရေး Report ထုခြင်းများ ဆောင်ရွက်ကြောင်း၊ အွန်လိုင်းမှ ပစ္စည်းရောင်းချမှုများကို တရားမဝင် ကုန်သွယ်မှုများအဖြစ် တိုက်ဖျက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်ကောင်စီ၏ ဌာနဆိုင်ရာများက ဆိပ်ကမ်းများတွင် ကုန်ပစ္စည်းများကို စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
