ကျိုက်ထိုမြို့နယ်၊ ဝါးပိုးချောင်းရွာတွင် တပ်စွဲထားသော စစ်သားများကို ERO များနှင့် ရန်ကုန်တိုင်း ပကဖ က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ ဇူလိုင် ၂၂
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဝါးပိုးချောင်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ဆက်သွယ်ရေးနှင့် မီဒီယာတာဝန်ခံ ရဲဘော်ကိန်းက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ်၊ ဝါးပိုးချောင်းကျေးရွာကို စစ်ကြောင်းထိုးလာပြီး တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀၀ ကျော်ခန့်ကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“အပြင်းစား ဗုံးသီး ၂ လုံးနဲ့ ကျဲချ တိုက်ခိုက်ခဲ့ပါတယ်။ အထိခိုက် အကျဆုံးတော့ မသိရသေးပါဘူး။ အခုလက်ရှိထိတော့ စစ်ရေးမငြိမ်သေးပါဘူး” ဟု ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ဆက်သွယ်ရေးနှင့် မီဒီယာတာဝန်ခံ ရဲဘော်ကိန်းက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ နှင့် ERO ညီနောင်များ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရဲဘော်ကိန်းက ဆက်လက် ပြောဆိုသည်။