မိုးကုတ်မြို့နယ် အရှေ့ပိုင်းကို ဇူလိုင်လ ၂၄ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ပြီးနောက် မိုးကုတ်မြို့နယ်တစ်ခုလုံးကို TNLA က ထိန်းချုပ် သိမ်းပိုက်၊ TNLA တပ်များကို မိုးကုတ်ပြည်သူများက သောင်းသောင်းဖျဖျကြိုဆို
ရန်ကုန်၊ ဇူလိုင် ၂၄
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် အရှေ့ပိုင်းကို ဇူလိုင်လ ၂၄ ရက်နေ့တွင် TNLA ဦးဆောင်သော တပ်များက အပြီးသတ်သိမ်းပိုက်လိုက်ပြီးနောက် မိုးကုတ်တစ်မြို့နယ်လုံးကို တော်လှန်ရေးတပ်များက ထိန်းချုပ် ရရှိသွားပြီဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“ဒီနေ့မှာ မိုးကုတ်တစ်မြို့နယ်လုံးကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်” ဟု TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၂၅ ရက်နေ့မှ စတင်၍ မိုးကုတ်မြို့နယ်ကို စတင်တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့တွင် မိုးကုတ်အနောက်ပိုင်းတစ်ခုလုံးကို TNLA က သိမ်းပိုက်ခဲ့ကြောင်း ၊ ဇွန်လ ၂၅ ရက်နေ့ မှစတင်ပြီး TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက မိုးကုတ်မြို့နယ် အနောက်ပိုင်းတွင် စတင် ထိုးစစ်ဆင်ခဲ့ကြောင်း၊ ထို့နောက် ဇွန်လ ၂၆ ရက်နေ့တွင် မိုးကုတ်မြို့နယ် အနောက်ပိုင်း၊ ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနှင့် ဖြူရောင်ကုန်းတိုအား အသီးသီးသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဇွန်လ ၂၇ ရက်နေ့တွင် မိုးကုတ်ကျပ်ပြင်ရဲစခန်းတို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
ဇွန်လ ၂၇ ရက်နေ့တွင်ပင် မိုးကုတ်မြို့ အနောက်ပိုင်း စစ်ကောင်စီ၏ အောင်သာယာနှင့် အာကာမိုး တပ်စခန်းတို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ စစ်ရေးအနေအထားအရ မိုးကုတ်မြို့ အနောက်ပိုင်းတစ်ခြမ်းလုံးကို ဇွန်လ ၃၀ ရက်နေ့တွင် TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြီးသတ် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်းနောက် ဇွန်လ ၃၀ ရက်နေ့မှစတင်၍ ဇူလိုင်လ ၂၄ ရက်နေ့အထိ မိုးကုတ်မြို့နယ် အရှေ့ပိုင်းရှိ စစ်တန်းဗျူဟာကုန်း၊ အပေါ်ရဲစခန်း ၊ အချုပ်ထောင်၊ တောင်ပေါ် စေတီကင်းစခန်း၊ မြို့ပတ်လည် ကင်းစခန်း၊ လယ်ဦး၊ အေးစေတီ၊ ကျောက်သင်္ဘောတောင်၊ ပတ္တမြားစေတီတောင်၊ ချမ်းမြေ့သာယာတောင်၊ ကချင်ပန်းမ၊ ဗမွန်ရွာ ကင်းစခန်း အပါအဝင် စစ်ကောင်စီ၏ တပ်စခန်းများကို တောက်လျှောက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် မိုးကုတ်အရှေ့ပိုင်းတစ်ခုလုံးကို သိမ်းပိုက်ရရှိကြောင်း၊ ဇွန်လ ၂၅ ရက်နေ့မှ ဇူလိုင်လ ၂၄ ရက်နေ့အထိ ၁ လတာ ကာလအတွင်း မိုးကုတ်တစ်မြို့နယ်လုံးကို သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- မိုးကုတ်မြို့နယ်အတွင်းသို့ TNLA တပ်များ ဝင်ရောက်လာမှုကို ပြည်သူများ ကြိုဆိုနေကြစဉ်။ Photo- Mai A Hein)