ရခိုင်၊ ရှမ်းမြောက်ဒေသနှင့် နိုင်ငံတစ်ဝန်းမှ စခန်းစွန့်ခွာသော ရဲတပ်ဖွဲ့ဝင် ၃၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးအချုပ်ချထား၊ ရဲချုပ် နီလင်းအောင်က ပြစ်ဒဏ်များ အတည်မပြုဘဲ အကန့်အသတ်မရှိ ချုပ်ထား
ရန်ကုန်၊ ဇူလိုင် ၂၉
မြန်မာနိုင်ငံတစ်ဝန်း ရခိုင်၊ ရှမ်းမြောက်ဒေသနှင့် နိုင်ငံတစ်ဝန်းတွင် တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုများကြောင့် စခန်းစွန့်ခွာလာသော ရဲတပ်ဖွဲ့ဝင် ၃၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးအချုပ်ချထားကြောင်း အကျဉ်းချခံနေရသည့် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ၁၀၂၇ ပထမလှိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုများကြောင့် စခန်းစွန့်ခွာထွက်ပြေးလာသော ရဲတပ်ဖွဲ့ဝင်များကို စစ်ကောင်စီက ဖမ်းဆီး အချုပ်ချထားကြောင်း၊ ရဲတရားရုံးဖြင့် ပြစ်ဒဏ်များချမှတ်ခြင်းမရှိဘဲ အတောမသတ် အချုပ်ချထားသည်မှာ ၆ လကျော် လာပြီဖြစ်ကြောင်း၊ စခန်းစွန့်ခွာသော ရဲတပ်ဖွဲ့ဝင် ၃၀၀ ထက်မနည်းမှာ အချုပ်များတွင် ဆက်လက် ချုပ်နှောင်ခံထားရပြီး ဒုက္ခများ ကြုံနေရကြောင်း သိရှိရသည်။
“စခန်းစွန့်ခွာလာတဲ့ရဲတွေက ထွက်ပြေးလာကြရင်း ဂိတ်တွေမှာ ပြန်အဖမ်းခံရတာမျိုးလည်းရှိတယ်။ အစုလိုက်အပြုံလိုက် စခန်းစွန့်ခွာပြီးတော တပ်ရင်းတပ်ဖွဲ့ ပြန်ရောက်မှ ချုပ်နှောင်ခံရတာလည်းရှိတယ်။ ရခိုင်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ပြည် နယ်/တိုင်း အသီးသီးက စခန်းစွန့်ခွာတဲ့ ရဲတွေ ၃၀၀ ကျော်ရှိတယ်။ အခု လားရှိုးကိစ္စထပ်တိုးလာတော့ အရေအတွက်က ပိုများလာဖို့ပဲရှိတယ်။ အဲဒါ အချုပ်ချခံထားရတာ ၆ လကျော် ၊ ၇ လလောက်ရှိလာပြီ။ အမိန့်လည်း မချဘူး။ အချုပ်ထဲမှာ စားရမဲ့၊ သောက်ရမယ့် ငတ်ပြတ်နေကြတယ်။ အချုပ်ချခံရတော့ လစာလည်းမရတော့ဘူး။ မိသားစုတွေလည်း အရမ်းဒုက္ခရောက် နေကြတယ်” ဟု အချုပ်ချခံထားရသည့် ရဲတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောဆိုသည်။
ရဲချုပ် နီလင်းအောင်က စခန်းစွန့်ခွာသော ရဲ ၃၀၀ ကျော်ကို ရဲတရားရုံးများက ချမှတ်လိုက်သော ပြစ်ဒဏ်ကို အတည်ပြုခြင်းမရှိဘဲ ရှောင်လွဲနေသဖြင့် အချုပ်အနှောင်ခံထားရသော ရဲများမှာ အတောမသတ် ဆက်လက် ချုပ်နှောင်ခံနေရခြင်းဖြစ်ကြောင်း သိရှိရသည်။
“ရဲစည်းကမ်းအရအရးယူပြီး ပြစ်ဒဏ်များချမှတ်ပြီးပေမယ့် ရဲချုပ် နီလင်းအာင်က အဲဒီပြစ်ဒဏ်တွေကို အတည်ပြုဖို့ မအား လပ်သေးဘူးဆိုပြီး အကြာင်းပြ ပြစ်ဒဏ်ကိုအတည်ပြုမ ပေးလို့ရဲတပ်ဖွဲ့ဝင်တွေ ဆက်ပြီး အချုပ်အနှောင်ခံနေရတယ်။ တပ်ရင်းတပ်ဖွဲ့လည်း ပြန်မလာ၊ ဂိတ်တွေမှာလည်း အဖမ်းမခံရဘဲ လွတ်သွားတဲ့ ရဲတွေအတွက်တော့ ဟန်ကျတာပေါ့။ ကိုယ့်တပ်ရင်းတပ်ဖွဲ့ကို ပြန်လာမိတဲ့သူတွေက အတော်ကို ဒုက္ခရောက်နေရပါတယ်။ ရဲမိသားစုဝင်တွေမှာလည်း ဝင်ငွေမရှိတော့ အခြေအနေဆိုးနေပါတယ်။ တချို့ရဲတွေ ဆိုရင် ချုပ်နှေင်ခံထားရတာ ၉ လလောက်တောင် ရှိနေပါပြီ” ဟု ရဲသတင်းရင်းမြစ် တစ်ခုက ပြောဆိုသည်။
ယခုနောက်ဆုံး စစ်ကောင်စီက ရဲတပ်ဖွဲ့ဝင်များကို စခန်းစွန့်ခွာခြင်းမပြုလုပ်ရန်နှင့် မိမိတို့၏ စခန်းများကို အသက်စွန့်၍ ကာကွယ်ကြရန် ညွှန်ကြားမှုများရှိနေကြောင်း သိရှိရသည်။
ဓာတ်ပုံ-ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့သည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့တစ်ဦးကို မြန်မာနိုင်ငံ ပြန်လည် ပို့ဆောင်စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)