ကျောက်မဲနှင့် နောင်ချို မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေ
ရန်ကုန်၊ ဩဂုတ် ၂
ရှမ်းပြည်နယ်၊ ကျောက်မဲနှင့် နောင်ချို မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက်ခိုက် ဗုံးကျဲ တိုက်ခိုက်နေကြောင်း TNLA က ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၂ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် ကျောက်မဲမြို့ရှိ အကြမ်းဖက် စစ်တပ်၏ လက်ကျန် တပ်စခန်းဖြစ်သော ခမရ ၅၀၁ နှင့် ၅၀၂ တပ် စခန်းကုန်းကို တအာင်းတပ်မတော် TNLA က တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာနှင့် ပတ္တမြား စေတီအနီးတဝိုက်ကို အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် ၇ ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အလားတူ နောင်ချိုမြို့နယ် သဲခေါ်ရွာကိုလည်း ယနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် စစ်အင်အား ဖြည့်တင်းလာသော အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာ နေရာကို အကြမ်းဖက် စစ်တပ်က Mi-35 ရဟတ်ယာဉ်ဖြင့် ၁ ကြိမ် လာရောက် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ကျောက်မဲမြို့နယ် ခမရ ၅၀၁ နှင့် ၅၀၂ တပ်စခန်းအနီးကို အကြမ်းဖက် စစ်တပ်က Y12 ဖြင့် လက်နက်ခဲယမ်းများ ၂ ကြိမ်နှင့် ဗုံး ၃၅ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။