26 C
Yangon

စက်သုံးဆီအခက်အခဲ နယ်ဒေသများတွင် ပြင်ပစျေးကွက် ကြီးထွားလာနေပြီး ဓာတ်ဆီတစ်လီတာလျှင် ငွေကျပ် အနိမ့်ဆုံး ၅၀၀၀ ကျပ်ပေါက်စျေးရှိ

Must read

စက်သုံးဆီအခက်အခဲ နယ်ဒေသများတွင် ပြင်ပစျေးကွက် ကြီးထွားလာနေပြီး ဓာတ်ဆီတစ်လီတာလျှင် ငွေကျပ် အနိမ့်ဆုံး ၅၀၀၀ ကျပ်ပေါက်စျေးရှိ

ရန်ကုန်၊ ဩဂုတ် ၁၈

မြန်မာနိုင်ငံတစ်ဝန်းတွင် ရက်ပေါင်း ၂၀ ကျော် စက်သုံးဆီ ပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ရာတွင် နယ်ဒေသများတွင်လည်း စက်သုံးဆီများ အလွန်အခက်အခဲဖြစ်ပေါ်ခဲ့ပြီး စက်သုံးဆီ ပြင်ပစျေးကွက် တွင်ကျယ်လာကြောင်း နယ်ဒေသမှ စက်သုံးဆီသယ်ယူရောင်းချသူများက ဆိုကြသည်။

မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သို့ စက်သုံးဆီများ တင်ပို့နေသော မှောင်ခိုစျေးကွက်ကြီးတစ်ခုလည်းဖြစ်ထွန်းနေကြောင်း၊ အဓိကအားဖြင့် စစ်ကောင်စီက စက်သုံးဆီ သယ်ယူမှုများကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်နေသဖြင့် နယ်ဒေသများသို့ စက်သုံးဆီများ သယ်ယူတင်ပို့နေသော လမ်းကြောင်းများ များစွာဖြစ်ပေါ်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယင်းဆီများ သယ်ယူပို့ဆောင်မှုများတွင် လာဘ်ငွေယူ ပါဝင်ပတ်သက်နေကြကြောင်း သိရှိရသည်။

” စစ်ဖြစ်နေတဲ့ ချင်းပြည်နယ်လို နေရာမျိုး ၊ စစ်ကိုင်းတိုင်းလိုနေရာမျိုးတွေ မကွေးဘက်က မတည်ငြိမ်တဲ့နေရာတွေ၊ ကချင်နဲ့ ရခိုင်ဘက်တွေကို စက်သုံးဆီတွေ မှောင်ခိုပို့နေကြတဲ့ လမ်းကြောင်းနဲ့ စျေးကွက်ကြီးဖြစ်နေတယ်။ အဲဒါက စစ်ကောင်စီက အဲဒီဘက်တွေကို စက်သုံးဆီ တင်ပို့တာတွေ တင်းကျပ် တားမြစ်ထားလို့ အဲဒီဘက်တွေကို ဆီတွေ သယ်နေကြတာ။ အဓိက ရန်ကုန်၊ မန္တလေးကနေ ဆီတွေ သွားနေတာပါ။ စစ်ဆေးရေးဂိတ်တွေနဲ့ ချိတ်ဆက်ထားပြီးသယ်ကြတာ” ဟု စက်သုံးဆီစီးပွားရေးသမားတစ်ဦးက ရှင်းပြသည်။

စစ်ကောင်စီက ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ကိုသာ အဓိက ထား၍ စက်သုံးဆီများ အဆင်ပြေစေရန် စီစဉ်ပေးနေပြီး ကျန်ရှိသော နယ်ဒေသများကို ဦးစားပေးအဖြစ် စက်သုံးဆီ အဆင်ပြေအောင် ဆောင်ရွက်ပေးခြင်းမရှိသဖြင့် စက်သုံးဆီ ပြင်ပ စျေးကွက် ကြီးထွားလာခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်ကလွဲလို့ ကျန်တဲ့နယ်တွေအားလုံးမှာ လုပ်ငန်းတွေနဲ့ သယ်ယူပို့ဆောင်ရေးအတွက်က ဆီဆိုင်တွေကနေ ဆီ လုံလုံလောက်လောက်မရဘူး။ အဲဒီတော့ မှောင်ခိုလို့ ခေါ်တဲ့ ပြင်ပစျေးကွက်ကိုပဲ အဓိက အားထားရတယ်။” ဟု နယ်ဒေသမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

နယ်ဒေသများတွင် စက်သုံးဆီရောင်းချမှုအနေဖြင့် ဓာတ်ဆီ တစ်လီတာလျှင် အနည်းဆုံးငွေကျပ် ၆၀၀၀ ဝန်းကျင် စျေးပေါက်ပြီး သယ်ယူရ ခက်ခဲမှုအပေါ်မူတည်၍ ဓာတ်ဆီတစ်လီတာလျှင် ငွေကျပ် ၁ သောင်းကျော်အထိ စျေးပေါက်မှုများလည်းရှိနေကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲများဖြစ်ပွားနေပြီး တော်လှန်ရေးတပ်များ စိုးမိုးထားသော နယ်မြို့များ၊ ကျေးလက်ဒေသများသို့ စက်သုံးဆီများ သယ်ယူပို့ဆောင်ခြင်းမရှိစေရန် ဖြတ်တောက်ရေးဗျူဟာများဖြင့် ရည်ရွယ်ချက်ရှိရှိ ပိတ်ပင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း နယ်ဒေသများမှ စက်သုံးဆီ စီးပွားရေးသမားများက ဆိုကြသည်။

ဓာတ်ပုံ- တောင်ကြီးမြို့တွင် ယနေ့ စက်သုံးဆီ တန်းစီနေကြသော ပြည်သူများ။

oznorCO
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article