27 C
Yangon

လားရှိုးမြို့ကို စစ်ကောင်စီက တိုက်ပွဲမရှိဘဲ ဒုတိယအကြိမ် လေယာဉ်ဖြင့် ဗုံးကျဲမှု လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်မှုအဖြစ် MNDAA က ကြေညာ

Must read

လားရှိုးမြို့ကို စစ်ကောင်စီက တိုက်ပွဲမရှိဘဲ ဒုတိယအကြိမ် လေယာဉ်ဖြင့် ဗုံးကျဲမှု လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်မှုအဖြစ် MNDAA က ကြေညာ

■ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကုန်တင်ကား ၄ စီးနှင့် အိမ်စီးကား ၁၅ စီး ၊ စာသင် ကျောင်း၊ လူနေအိမ်နှင့် ဟိုတယ် ၁ လုံး ထိခိုက်ပျက်စီး

ရန်ကုန်၊ စက်တင်ဘာ ၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို စစ်ကောင်စီက တိုက်ပွဲမရှိဘဲ ဒုတိယအကြိမ် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုမှာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်မှုအဖြစ် ကိုးကန့်တပ်မတော် MNDAA က ကြေညာလိုက်သည်။

အကြမ်းဖက်စစ်ကောင်စီက လားရှိုးမြို့ကို ပထမအကြိမ်အဖြစ် သြဂုတ် ၃၀ ရက်နေ့ ညနေ ၄ နာရီအချိန်တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် စက်တင်ဘာ ၈ ရက်နေ့ နံနက် ၄ နာရီတွင်လည်းကောင်း လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်က တိုက်ပွဲမရှိသော နေရာများရှိ ပြည်သူ့အဆောက်အအုံများနှင့် လူနေအဆောက်အအုံများကို အကြိမ်ကြိမ် လေကြောင်းမှ စီးနင်းတိုက် ခိုက်ခဲ့ရာ ပြည်သူများ၏ အသက်နှင့် သေဆုံးမှုကို လုံးဝဂရုမစိုက်ဘဲ မြို့နေလူထုကို အလွန်ထိတ်လန့်စေခဲ့ကြောင်း၊ ထိုသို့သော လူသားမျိုးနွယ် အပေါ် တမင်တကာ ရာဇ၀တ်မှုများသည် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသည့် ပါတီအားလုံး၏ ကြိုးပမ်းအားထုတ်မှုနှင့် ငြိမ်း ချမ်းရေးအတွက် လိုလားတောင့်တသော ပြည်သူတို့၏ဆန္ဒကို စစ်ကောင်စီက ရိုင်းစိုင်းသောအပြုအမှုဖြင့် လူ့အခွင့်အရေးကို ကြမ်းကြုတ်စွာ ချိုးဖောက်ပြီး နိုင်ငံတကာ စည်းမျဥ်းကို ဆိုးရွားစွာ ဖျက်ဆီးစေသည်မှာ သေချာကြောင်း MNDAA က ကြေညာသည်။

စက်တင်ဘာ ၈ ရက် နံနက် ၄ နာရီ ၃ မိနစ်အချိန်နှင့် နံနက် ၄ နာရီ ၈ မိနစ်အချိန် စစ်ကောင်စီ၏ လေယာဉ်များက လားရှိုးမြို့ကို လေကြောင်းမှ ဗုံး ၂ လုံး ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ရပ်ကွက် ၁၂ အားကစားရုံနှင့် ရေပူစမ်း အနီးရှိ Silver Sky ဟိုတယ်အနီးတွင် ဗုံးများ ဆက်တိုက်ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခဲ့သော လားရှိုးမြို့ ရပ်ကွက် ၁၂ အားကစားရုံတွင် စစ်ပွဲအတွင်း လားရှိုးမြို့ခံများ ခိုးယူခံရသည့် မော်တော် ဆိုင်ကယ် နှင့် ကား အမြောက်အမြားကို အထူးဒေသရဲတပ်ဖွဲ့က ပြန်လည်တွေ့ရှိပြီးနောက် ယင်းနေရာ၌ ပြည်သူတို့ ပြန်လည်တောင်းဆိုမှုလွယ်ကူစေရန် ခေတ္တသိမ်းဆည်းထားကြောင်၊ အာဏာသိမ်းတပ်ဖွဲ့၏ လေကြောင်းဗုံးကျဲ တိုက်ခိုက်မှုကြောင့် လူအများအပြား၏ မော်တော်ယာဉ်များ ဆိုးရွားစွာ ပျက်စီးခဲ့ပြီး အားကစားကွင်း၏ အဆောက်အဦများကိုလည်း ပြင်းထန်စွာ ပျက်စီးစေခဲ့ကြောင်း၊ အသေးစိတ်စာရင်းဇယားများအရ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ကုန်တင်ကား ၄ စီးနှင့် ကား ၁၅ စီး ပေါက်ကွဲပျက်စီးစေခဲ့ပြီး အခြားယာဉ်များလည်း အမျိုးမျိုးသောထိခိုက်ပျက်စီးမှုရှိကြောင်း သိရှိရသည်။

ထို့ပြင် လားရှိုးမြို့ ရပ်ကွက် ၁၂ ရေပူစမ်း အနီးရှိ Silver Sky ဟိုတယ် အနီးရှိ လယ်မြေများတွင် ဗုံးကျရောက် ပေါက်ကွဲခဲ့ပြီး ပြင်းထန်သော ပေါက်ကွဲမှုကြောင့် ဟိုတယ်ကို ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ဟိုတယ်အတွင်းရှိ ပစ္စည်းများ နှင့် အဆောက်အဦများ ဆက်တိုက် ပျက်စီးခဲ့ကြောင်း၊ ဗုံးကြောင့် ပျက်စီးဆုံးရှုံးမှုများကို ရေတွက်ရန် သက်ဆိုင်ရာဌာနများက ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း၊

လက် ရှိတွင် လားရှိုးမြို့၌ စစ်ပြီးခေတ် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများသည် သိသာထင်ရှားသော ရလဒ်များ ထွက်ပေါ်လာပြီး ပြည်သူများ၏ ထုတ်လုပ်မှုနှင့် ဘဝသည် တဖြည်းဖြည်း လမ်းကြောင်းမှန်ပေါ်နှင့် တည်ငြိမ်မှုဆီသို့ မှန်မှန် ရွေ့လျားလာနေကြောင်း MNDAA က ထုတ်ပြန်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article