26.9 C
Yangon

စလင်းနှင့် ကျိုက်ထိုမြို့နယ်တို့တွင် စစ်တပ်က စစ်ကြောင်းထိုး တိုက်ခိုက်မှုများကြောင့် ပြည်သူများ ထိခိုက်သေဆုံးပြီး ထောင်ချီ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဇွန် ၂၂

မကွေးတိုင်း၊ စလင်းမြို့နယ်နှင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ စစ် ကြောင်းထိုးမှုများနှင့် လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ သေဆုံးထိခိုက်မှုများ ဖြစ်ပေါ်နေပြီး ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများ၏ ပြောဆိုချက်နှင့် KNU ဗဟို၏ ထုတ်ပြန်ချက်များအရ သိရသည်။

ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့ မကွေးတိုင်း၊ စလင်းမြို့နယ်တွင် စည်ဆွဲကျေးရွာဘက်မှ မီးလိုင်းပြင်ရန် ထွက်လာသည်ဟု ဆိုသော စစ်တပ်စစ်ကြောင်းက စမ်းကလေးရွာအပါအဝင် ကျေးရွာ ၄ ရွာရှိ စစ်ရှောင်ပြည်သူများ နေထိုင်ရာနေရာများသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး တန်ဖိုးကြီးမားသော ပစ္စည်းများကို ခိုးယူသွားကြောင်း ဒေသခံများက ပြောဆိုသည်။

ထိုစစ်ကြောင်းက စလင်းမြို့နယ်အတွင်းရှိ မကျီးစင်ကျေးရွာ၊ ကံဆွယ်ကျေးရွာ၊ စည်ဆွဲကျေးရွာနှင့် စမ်းကလေးရွာလေးရွာရှိ စစ်ရှောင်ပြည်သူများ နေထိုင်ရာနေရာများကို ဝင်ရောက်ခဲ့ပြီး နေအိမ်များအတွင်းရှိ ရွှေ၊ ငွေ အပါအဝင် တန်ဖိုးကြီးပစ္စည်းများကို ခိုးယူနေကြောင်း သိရသည်။

“စည်ဆွဲဘက်ကနေ တက်လာတဲ့ မီးလိုင်းပြင်ဖို့ ထွက်လာတဲ့ စစ်ကြောင်းက စမ်းကလေးရွာအပါ အဝင် ကျေးရွာတွေကို ဝင်ပြီး တန်ဖိုးကြီးပစ္စည်းတွေ ခိုးယူနေတယ်။ နေအိမ်တွေထဲက ရွှေ၊ ငွေတွေပါ ယူနေတယ်လို့ သိရတယ်။ ဇွန်လ ၂၀ ရက်နေ့ကလည်း ဒရုန်းနဲ့ စက်သေနတ်တွေနဲ့ ပစ်ခတ်တာတွေရှိခဲ့တယ်။ ဒီစစ်ကြောင်းကြောင့် ကျေးရွာ ၄ ရွာက ပြည်သူ ၃၀၀၀ လောက် ဘေးလွတ်ရာကို ထွက် ပြေးနေရတယ်။ လက်ရှိအခြေအနေမှာ ဖမ်းဆီးခံရသူတော့ မရှိသေးပါဘူး” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့အပြင် ဇွန်လ ၁၅ ရက်နေ့တွင်လည်း စလင်းမြို့နယ် တညောင်ဓာတ်အားခွဲရုံမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းက စည်ဆွဲကျေးရွာနှင့် ကံဆွယ်ကျေးရွာတို့ကို ဝင်ရောက်စီးနင်းခဲ့ပြီး ယင်းကျေးရွာ ၂ ရွာမှ အမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း ပြည်သူ ၄၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ကြောင်းလည်း ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။

အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ နေအိမ်နှင့် ဈေးဆိုင်များလည်း ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဇွန်လ ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်ခန့်အချိန် ကျိုက်ထိုမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က Jet Fighter လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးသီး ၁ လုံး ကျဲချခဲ့ရာ ဆောသုခီး (ကျောက်ဖျာ) ကျေး ရွာအုပ်စု၊ သဝေါသော (ချောင်းစောင့်) ကျေးရွာထိပ်ရှိ ကုန်စုံဆိုင်တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယင်းပေါက်ကွဲမှုကြောင့် ဆိုင်ပိုင်ရှင် အသက် ၃၈ နှစ်အရွယ် စောကျော်တင့် သေဆုံးခဲ့ပြီး ဇနီးဖြစ်သူ နော်လုလုဖောမှာ အပြင်းအထန် ဒဏ်ရာရရှိကာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း၊ ထို့အပြင် ကုန်စုံဆိုင်နှင့် အရောင်းပစ္စည်းများလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇွန်လ ၅ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင်လည်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီ ၏ အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်မှ အရပ်သားများနေထိုင်ရာ ကျေးရွာများဘက်သို့ ၁၂၀ မမ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ရာ ကျိုက်ထိုမြို့နယ် တကွီးပူ (ငှက်ပျောတော) ကျေးရွာအုပ်စု၊ ငှက် ပျောတောကျေးရွာအနီးရှိ လုပ်ငန်းခွင်အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် တကေ့ခီး (တဂေးချောင်းဖျား) ကျေးရွာနေ အသက် ၄၄ နှစ်အရွယ် စောစိန်ကုလားသည် ဘယ်ဘက်ဝမ်းဗိုက်တွင် လက်နက်ကြီးကျည်စ ထိမှန်ကာ သေဆုံးခဲ့ပြီး ငှက်ပျောတောကျေးရွာရှိ နေအိမ်တစ်လုံးလည်း ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

KNU ၏ ထုတ်ပြန်ချက်တွင် စစ်တပ်က အရပ်သားပြည်သူများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် သေဆုံးထိခိုက်မှုများ ဖြစ်ပေါ်နေပြီး ပြည်သူများသည် ကြောက်ရွံ့ထိတ်လန့်ကာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article