ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းနေပြီး လေးမြို့မြစ်ရေများ စတင်ဝင်ရောက်လာ
ရန်ကုန်၊ စက်တင်ဘာ ၁၃
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနေပြီး လေးမြို့မြစ်ရေများ စတင်ဝင်ရောက်လာကြောင်း ဒေသတွင်း သတင်းရင်းမြစ်များ ထံမှသိရသည်။
ပြီးခဲ့သည့် ၃ ရက်ခန့်မှစ၍ မိုးဆက်တိုက်ရွာသွန်းနေပြီး ယနေ့အချိန်အထိ မိုးသည်းထန်စွာ ရွာသွန်းနေသောကြောင့် လေးမြို့မြစ်ရေနှင့် ကုလားတန်မြစ်ရေများ အနည်းငယ် ရေတက်လာနေပြီး တကျော့ပြန် ရေကြီးရေလျှံဖြစ်မည်ကို ဒေသခံများ စိုးရိမ်နေကြောင်း သိရသည်။
” မိုးက ရွာနေတာ ၃ ရက်ရှိပြီး ဆက်တိုက်ပဲ။ နေပူဖို့ အလားအလာတောင် မမြင်ရဘူး။ မှောင်မဲနေတာ။ လေးမြို့မြစ်ရေနဲ့ ကုလားတန်မြစ်ရေကလည်း တောင်ကျရေတွေကြောင့် နည်းနည်းတက်လာနေတယ်လို့ သိရတယ်။ လေးမြို့မြစ်မှာဆို အနိမ့်ပိုင်းက ရွာတွေက သတိထား စောင့်ကြည့်ပြီး ရွှေ့ပြောင်းဖို့ အဆင့်သင့်လုပ်ထားတယ်လို့ သိရတယ်” ဟု မြောက်ဦးဒေသခံ တစ်ဦးက ပြောဆိုသည်။
တောင်သူလယ်သမားများမှာလည်း စပါးစိုက်ပျိုးပြီးသည့်အချိန်ဖြစ်၍ နောက်ထပ်တစ်ကြိမ် စပါးခင်းများအား ရေလွှမ်းမိုးသွားမည်ကို အလွန်စိုးရိမ်နေကြသည်။
” ဩဂုတ်လ ရေကြီးတုန်းက ရေမြုပ်သွားတဲ့ စပါးခင်းအားလုံးတောင် ပြန်မစိုက်နိုင်ခဲ့ဘူး။ အခုတခါ စပါးခင်တွေ ရေလွှမ်းမိုးရင်တော့ ကျနော်တို့ တောင်သူတွေ တော်တော် ဒုက္ခရောက်မှာ။ ရခိုင်ပြည်သူတွေလည်း ထမင်းငတ်ကြမှာ။ ဒီအချိန်က စပါးစိုက်ပျိုးလို့ပြီးကြပြီ။ သွင်းအားစုတွေက ဈေးကြီးနဲ့ ပျက်စီးသွားရင် နောက်တစ်ခေါက် ပြန်စိုက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး” ဟု ကျောက်တော်ဒေသခံ လယ်သမားတစ်ဦးက ပြောဆိုသည်။
ယခုနှစ် ဇူလိုင်၊ ဩဂုတ်လတုန်းက ရခိုင်ပြည် သံတွဲ၊ ဂွ၊ တောင်ကုတ် ဒေသများနှင့် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စသည့် ဒေသများတွင် မိုးသည်း၍ မြစ်ရေ၊ ချောင်းရေ မြင့်တက်မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။
ယခုတခါ ရခိုင်၊ ချင်း၊ မကွေးဒေသတို့တွင် လာမည့် ၃ ရက်အတွင်း လေပွေလှိုင်းနှင့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးကြီးခြင်း၊ တောင်ကျရေကြောင့် ချောင်း၊ မြစ်ရေမြင့်လာခြင်းနှင့် မြေပြိုခြင်းများဖြစ်နိုင်သည်ဟု မိုးဇ/လ ပညာရှင်များက ပြောဆိုထားသည်။
(Western News သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မိတ်ဖက်ဖြစ်သည်)