31 C
Yangon

နိုင်ငံတကာနဲ့ အိမ်နီးချင်းတွေက လျစ်လျူရှုပေမယ့်လည်း မြန်မာပြည်သူတွေက အောင်စိတ်တွေနဲ့ ခက်ခဲတဲ့ နေ့ရက်တွေ ဆက်လက်ဖြတ်သန်းနေ

Must read

နိုင်ငံတကာနဲ့ အိမ်နီးချင်းတွေက လျစ်လျူရှုပေမယ့်လည်း မြန်မာပြည်သူတွေက အောင်စိတ်တွေနဲ့ ခက်ခဲတဲ့ နေ့ရက်တွေ ဆက်လက်ဖြတ်သန်းနေ

By အီဂေါဗလာဇီဗစ်

တချို့နေ့တွေမှာ ဆက်တိုက်ကြီး စိတ်က ချုံးချုံးကျနေတတ်တယ်။ အဲဒီလိုနေ့တွေမှာ ကျွန်တော်တို့ဟာ စကစက ကြဲချလိုက်တဲ့ ဗုံးတွေ၊ ကိုယ်ထိလက်ရောက်အကြမ်းဖက်မှုတွေ၊ သက်သက်မဲ့ ယုတ်မာဖျက်ဆီးတာတွေ၊ ရက်စက်တဲ့ ကျူးလွန်မှုတွေအထဲမှာမှ ရေကလည်းကြီးလို့ အကူ အညီကလည်းမရတာမို့ စိတ်ပျက် စရာကောင်းတဲ့နေ့ရက်တွေ။

တချို့နေ့တွေမှာ ဆက်တိုက် အဲဒီလိုဖြစ်လာတယ်။ စစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို လက်ခံနိုင်ကြတဲ့ မြန်မာ့အိမ်နီးချင်းတွေ၊ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံအပါအဝင်နိုင်ငံတွေရဲ့ မြန်မာကို ပေယျာလကန် ထားမှုကြောင့်ပေါ်လာတဲ့ အဖြစ်အပျက်တွေကြောင့် ဒီလိုနေ့မျိုးတွေဆိုရင် ဘာမှ ဆက်မလုပ်ချင်လောက်အောင်ဖြစ်တဲ့နေ့မျိုးတွေရှိနိုင်တယ်။

ဒီနိုင်ငံတွေဟာ စကစက သဘာဝဘေးအန္တရာယ်ကျရောက်တဲ့နေရာတွေကို အကူအညီတွေပေးဖို့ မဖြစ်နိုင်အောင် ပိတ်ဆို့ထားလည်း ဘာမှ အရေးတယူမကူညီကြတဲ့အခါ၊ ဒီလို အကူအညီမျိုးကို စကစက ပေးမှာပါလို့ မျှော်လင့်ထားပြီး ဖြစ်နေတဲ့ လက်ရှိ မြန်မာ့အကျပ်အတည်းတွေကို အရေးတောင်မလုပ်တော့တဲ့အခါ မြန်မာပြည်က မိတ်ဆွေတွေဟာ စိတ်ပျက်ကြမှာပါပဲ။ မြန်မာပြည်မှာ ဖြစ်နေသလောက်ကို ဘာတတ်နိုင်မှာလဲ၊ ကိုယ့် ပထဝီနိုင်ငံရေးနဲ့ စီးပွားရေးအကျိုးအမြတ်ကိုပဲ အာရုံစိုက်ရမှာ မဟုတ်လားလို့ နိုင်ငံတကာက ယူဆနေကြတဲ့အချိန်ဟာ စိတ် ပျက်စရာနေ့တွေပါ။

တချို့နေ့တွေဟာ ဆက်တိုက်ကြီး စိတ်ပျက်လက်ပျက်ဖြစ်စရာတွေ ဖြစ်တယ်။ ကုလသမဂ္ဂအေဂျင်စီတွေမှာ ကျင့်ဝတ်သီလပျောက်နေပြီး သရဲဘောကြောင်တာကလွဲလို့ ဘာမှ ဦးဆောင်လမ်းပြ မလုပ်တတ်တဲ့ အဖြစ်ကိုလည်း ကျွန်တော်တို့ ရွံမုန်းနေကြတာမျိုးရှိနိုင်ပါတယ်။ သူတို့ရန်ပုံငွေရဖို့၊ စကစနဲ့ နားလည်မှုစာချွန်လွှာတွေလက်မှတ်ထိုးဖို့၊ စီနီယာ ဝန်ထမ်းတွေ ဗီဇာရဖို့၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွားကိုခေါင်း ထဲထည့်ထားဖို့၊ လုပ်ငန်းအဆင့်ဆင့်က လူတွေ ရာထူးကိစ္စကို အာရုံစိုက်ဖို့ ကလွဲပြီး လူတွေကိုအကြောင်းပြုပြီး သူတို့ ရထားတဲ့ဘတ်ဂျက်တွေနဲ့ လူတွေအတွက် လုပ်ပေးရမယ့် အလုပ်တွေကို တာဝန်မကျေနေတဲ့အခါ စိတ်ပျက်စရာနေ့တွေ ကျွန်တော်တို့ ကြုံရပါတယ်။

တချို့နေ့တွေမှာ ဆက်တိုက် ကမ္ဘာကြီးရဲ့ လျစ်လျူရှုတာ မျက်နှာလွှဲခဲပစ်လုပ်တတ်တာတွေကို စိတ်ကုန်လာတယ်။ ကမ္ဘာကြီးရဲ့ အခြားနေရာတွေဟာလည်း သူ့ပြဿနာနဲ့သူရှုပ်နေတယ်။ ဟိုးအဝေးကြီးက နိုင်ငံတစ်ခုမှ ဖြစ်ပျက်နေတဲ့ ဆင်းရဲ့ ဒုက္ခတွေဟာ သူတို့ မီဒီယာတွေပေါ်ကို ပါလာလေ့မရှိဘူး။ အဲဒီတော့ ဘယ်သူကမှလည်း ဒီလိုနိုင်ငံမျိုးအတွက် ထူးပြီးပူပန်ပေးမနေကြဘူး။

တကယ်လို့ အခုရေးထားတဲ့ စာကို ခင်ဗျားဖတ်မိမယ်ဆိုရင် သူ့နောက်က လာတဲ့ အဆက်ကိုလည်း ဖတ်စေချင်ပါတယ်။ ကျွန်တော်နှစ်ပိုင်းခွဲပြီးရေးထားတာမို့လို့ ဒီစာနှစ်ခုမှာ ဓာတ်ပုံအမျိုးအစားနှစ်ခုကို မြင်ရမယ်။ ရုပ်ပုံတွေက အရေးကြီးတဲ့ အကြောင်းအရာအစိတ်အပိုင်းတွေဖြစ်တယ်။ မတူတဲ့ ရုပ်ပုံတွေကိုကြည့်ပြီးစဉ်းစားစေချင်တယ်။ တစ်မျိုးမှာတော့ ဒုက္ခအထွေထွေကိုပြတဲ့ ပုံဖြစ်တယ်။ နောက် တစ်မျိုးမှာတော့ မြန်မာပြည်သူတွေရဲ့ ရဲရင့်မှုကိုပြတဲ့ပုံတွေ၊ စည်းလုံးမှု၊ ကြံ့ခိုင်မှုနဲ့ စိတ်ဓာတ်ပြတ်သားမှုတွေကို ပြတဲ့ ပုံတွေဖြစ်တယ်ဆိုတာတွေ့ရမယ်။

မြန်မာပြည်ကို လုံးစေ့ပတ်စေ့ နားလည်ဖို့ဆိုရင် တစ်ဖက်တည်းကြည့်လို့မရဘဲ နှစ်ဖက်စလုံးက ကြည့်ကြရမှာဖြစ်တယ်။ သောက မျက်နှာစာရှိနေသလို သူရဲကောင်းဆန်တဲ့ ညီညွတ်တဲ့၊ အောင်စိတ်ရှိတဲ့ မျက်နှာစာလည်းရှိနေပြန်တယ်။ မြန်မာပြည်က ထွက်လာတဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေနဲ့ အဖြစ်အပျက်အကြောင်းအရာတွေကိုကြည့်ရင် ဒါကိုမြင်နိုင်ပါတယ်။

ဒီဓာတ်ပုံ၊ ဗွီဒီယိုနဲ့ လူတွေရဲ့ ဇာတ်လမ်းတွေကြည့်ပြီး ဒီတိုင်းပြည်ထဲက ရိုးရိုးသာမန်ပြည်သူတွေက အန္တရာယ်တွေ ဝိုင်းနေတဲ့ အချိန်၊ ကြီးမားလွန်းလှတဲ့ စိန်ခေါ်မှုတွေ ပြည့်နေတဲ့ အချိန်မှာတောင် ကိုယ့်တာဝန် ကိုယ်ယူပြီး ရင်ဆိုင်ရုန်းကန်နေကြတာ၊ တစ်ဦးနဲ့တစ်ဦး အားပေးကူညီကြတာ၊ ခံနိုင်ရည်မွေးပေးကြတာတွေကို မြင်ရတယ်။

လွန်ခဲ့တဲ့ ၄နှစ်တုန်းကလည်း မြန်မာပြည်က Gen-Zတွေရဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေနဲ့ ဇာတ်လမ်းတွေက တဆင့် မဆုတ်မနစ် ဇွဲကို မြင်ခဲ့ကြပြီးပါပြီ။ ရဲတွေက ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ သပိတ်တွေကို ဖြိုခွင်းဖို့ လက်နက်တွေနဲ့ ပစ်နေတဲ့အချိန်မှာ ဒီပုံတွေကို မြင်ခဲ့ကြရတယ်။ ဒီလူငယ်တွေဟာ ဘယ်လောက်အခက်အခဲရှိရှိ မဆုတ်မနစ် ပေါင်စးစည်းအားနဲ့ ဆက်လက်ကြိုးစားဖို့ သန္နိဌာန်ချခဲ့ကြပါတယ်။

ဒီဓာတ်ပုံ၊ ဗီဒီယိုနဲ့ ဇာတ်လမ်းတွေကတဆင့် မြန်မာပြည်ဟာ စည်းလုံးညီညွတ်ခဲ့ကြတယ်။ အပြန်အလှန်စောင့်ရှောက်ပြီး မယုံနိုင်လောက်တဲ့ အတိုင်းအတာနဲ့ မြန်မာပြည်သားတွေဟာ ကြံ့ကြံ့ခံ နိုင်ခဲ့ကြတယ်။ တော်လှန်ရေးဘက်ကလူတွေ၊ မြန်မာပြည်ထဲက လူတွေနဲ့ အများကြီး အသိအကျွမ်းရှိတဲ့ လူတစ်ယောက်အနေနဲ့ ကျွန်တော်ဟာ ဒီလူတွကို ဘာလိုအားတွေက မောင်းနှင်နေသလဲ။ ဘာ့ကြောင့်အခုထိ ကြံ့ခိုင်သန်စွမ်းပြီးနေနိုင်ကြတာလည်းဆိုတာကို နားလည်မိနေပါတယ်။ မြန်မာပြည်သူပြည်သားတွေမှာ ရွေးစရာမရှိတာကလည်း တစ်ပိုင်းပါ။

တစ်ဖက်မှာတော့ သူတို့ဟာ ကြဲနေတဲ့ ဗုံးတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ၊ ရေလွှမ်းမိုးမှုတွေ၊ မုတ်သုံကာလတွေနဲ့ ကမ္ဘာကြီးရဲ့ ပေယျာလကန်ထားနိုင်မှုတွေကို ကျော်လွှားနိုင်တဲ့ ဆိုတဲ့စိတ်နဲ့ ရှိနေကြတာပါ။

ကိုယ်ကိုယ့်ကိုယ် ရှေ့ဆက်ပြီး သေချာတဲ့လူတွေဟာ ကိုယ့်ကိုယ်ကိုယ် အားတင်းဖို့၊ စိတ်ပျက်စရာစကားတွေ အခြေအနေတွေကြားက ဆွဲထုတ်ဖို့၊ စိတ်မောပန်းနွမ်းနယ်မှုတွေကနေ နာလံထူဖို့၊ ရပ်ပစ်ချင်တဲ့ စိတ်တွေကို တွန်းကန်ဖို့ အားကုန်ထုတ်ဖို့လုပ်ကြရတယ်။ ကိုယ့်ကိုယ်ကိုယ် သနားချင်တဲ့စိတ်ကို မောင်းထုတ်ပစ်ဖို့ လုပ်ကြရတော့တယ်။

သေးသေးလေးတွေကို တစိုက်မတ်မိတ်လုပ်ရင်း စည်းကမ်းရှိရှိလုပ်ရင်းနဲ့ တတ်နိုင်သလောက် ပါဝင်ကြရတယ်။ နေ့တိုင်း၊တစ်နေ့ပြီးတစ်နေ့၊ တစ်ပတ်ပြီးတစ်ပတ်၊ တစ်လပြီးတစ်လ ရှေ့ဆက်ကြရမယ်။ တစ်ကိုယ်တော်လုပ်ကိုင်တာမဟုတ်ဘဲ အခြားသူတွေနဲ့လည်းပေါင်းလုပ်ကြရမယ်။ ဒီတော့မှလည်း ပိုပြီး အားကောင်းခိုင်မာလာမယ်။

မဆုတ်မနစ်တဲ့ ယုံကြည်ချက်၊ သန္နိဌာန်နဲ့ ဆက်ပြီးသွားရင်းနဲ့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ကိုအောင်နိုင်တဲ့သူတွေဖြစ်လာကြမှာပဲ။ မြန်မာပြည်သူတွေဟာ ဂျီနိုဆိုက်ကို လက်မရွံ ကျူးလွန်တဲ့ ယူနီဖောင်းဝတ်တဲ့ ရာဇဝတ်ကောင်တွေလက်ထဲက နိုင်ငံကို ဒီတစ်ကြိမ်မှာ ပြန်ယူကြမယ် ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ဆက်သွားနေကြတယ်။

ဘယ်လောက်ပဲ ရက်စက်မှုတွေနဲ့ ကြုံတွေ့ပါစေ၊ သဘာဝဘေးအန္တရာယ်တွေနဲ့ ကြုံပါစေ၊ ဘယ်လောက်ပဲ နိုင်ငံတကာက ဒီတော်လှန်ရေးအပေါ် မျှော်လင့်ချက်မထားပါစေ၊ ကမ္ဘာကြီးနဲ့ အိမ်နီးချင်းတွေက အရေးမလုပ်တာတွေရှိနေပါစေ မြန်မာပြည်သူတွေဟာ ဒီတစ်ကြိမ်အောင်စိတ်နဲ့ ဆက်သွားကြရမှာပါ။

ဓာတ်ပုံ- နေပြည်တော်တွင် အကူအညီများ စောင့်ဆိုင်းနေကြသည့် ရေဘေးသင့်ပြည်သူများ။

Photo-CJ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article