တောင်သာမြို့နယ်၊ ငွေသောင်ရွာ၊ ရွာသာယာရွာ၊ ရတနာပုံရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချပြီး စက်သေနတ်ဖြင့် ပစ်ခတ်
ရန်ကုန်၊ စက်တင်ဘာ ၂၃
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ ငွေသောင်ရွာ၊ ရွာသာယာရွာ၊ ရတနာပုံရွာများကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချကာ စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူများ ထိခိုက်မှုရှိကာ နေအိမ်များလည်း ပျက်စီးဆုံးရှုံးမှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် စစ်ကောင်စီက တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း၊ အထိအခိုက် အပျက်အစီး အခြေအနေကို အတိအကျ မသိရှိရသေးကြောင်း ဒေသပြည်သူများ၏ အဆိုအရ သိရှိရသည်။
“ဂျက်ဖိုက်တာနဲ့ လာပစ်သွားတာပါ။ လူနေအိမ်နဲ့ပြည်သူတော့ထိတယ်။ ဆရာအရေအတွက်က မသိရသေးလို့ပါ။ အကုန်လုံးက အိမ်ထဲက မထွက်ရကြဘူး” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်၏ တိုက်လေယာဉ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်ခံရသည့် ကျေးရွာများသည် တစ်ရွာလျှင် အနည်းဆုံး အိမ်ခြေ ၅၀၀ ခန့်ရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။