29 C
Yangon

ကိုမင်းကိုနိုင်နှင့်တွေ့ဆုံခြင်း

Must read

“တိုင်းတစ်ပါး ကျွန်လည်း မခံနိုင်ဘူး၊ စစ်ကျွန်လည်း မခံနိုင်ဘူး။ စစ်တပ်ဆိုတာ အပိုးကျိုးတဲ့ စစ်တပ်ပဲ ဖြစ်ဖို့လိုတယ်။ ပြည်သူတွေ အနေနဲ့ကတော့ အရေးကြီးတဲ့ အချိုးအကွေ့မှာ အရေးပါတဲ့နေရာကို ပုံအောကြဖို့ လိုတယ်။ မြန်မာပြည်အထက်ပိုင်းလိုမျိုးဆိုရင် အဆုံးအဖြတ်ပေးမယ့် တိုက် ပွဲကြီးတွေအတွက် “

ကိုမင်းကိုနိုင်နှင့်တွေ့ဆုံခြင်း

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက် စစ်ကောင်စီက PDF နှင့်တိုင်းရင်းသားလက်နက်ကိုင်များ လက်နက်စွန့်၍ နိုင်ငံ ရေးပါတီ လမ်း ကြောင်း၊ ရွေးကောက်ပွဲ လမ်းကြောင်းမှတစ်ဆင့်၊ နိုင်ငံရေးပြဿနာကို နိုင်ငံ ရေး နည်းဖြင့် အဖြေရှာကြရန် ဖိတ်ခေါ် ကြောင်း စက်တင်ဘာလ ၂၆ ရက်နေ့တွင် ကြေညာ ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ အဆိုပါ နိုင်ငံရေး အခြေ အနေများနှင့် ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနက ကိုမင်းကိုနိုင်ကို တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်တယ်။ ဖိတ်ခေါ်တဲ့အခါမှာ အကြမ်းဖက်ဆိုတဲ့ စကားလုံးကိုလည်း သုံးနေဆဲပဲ။ ဒီဖိတ်ခေါ်တဲ့အပေါ်မှာ ဘယ်လိုရှုမြင်သုံးသပ်လဲ။

ဖြေ။ ။ ဒီလိုလေ၊ မေးခွန်းနဲ့ပဲ ပြန်ပြီးတော့ မေးရမှာပဲ။ ကမ္ဘာကြီးမှာ ဖက်ဆစ်တွေ နာဇီတွေ ကမ္ဘာကြီးကို အနိုင်ကျင့်ဗိုလ်ကျပြီဆိုတုန်းကပေါ့။ ဟစ်တလာတို့ မူဆိုလီနီတို့ကို နိုင်ငံရေးအရ စကားပြောဖို့ ခင်ဗျားတို့ ရခဲ့သလားပေါ့။ ကြိုးပမ်းသင့်သလား။ နောက်တစ်ခုကတော့ အဲဒီတုန်းက မဆိုင်သလို နေခဲ့တဲ့သူတွေ နောက်ဆုံးကျတော့ ဘာဖြစ်ကုန်ကြလဲ။ အဲဒီ ဟစ်တလာတို့ကို မပါချင်ချင်၊ ပါချင်ချင် တိုက်ရတဲ့ဘ၀ရောက်တာပဲမဟုတ်လား။ ဒါပါပဲ။

ရှင်းတယ်။ နိုင်ငံရေးအရလို့ ပြောမယ်ဆိုရင် ဒီတော်လှန်ရေးအင်အားစုတွေဘက်က ဘုံသဘောထား တူတဲ့ ၆ ချက်ကို ကမ္ဘာသိ ကြေညာထားတာ။ အဲဒီမှာ လိုရင်းပဲ ပြောလိုက်မယ်။ ကိုယ့်အာဘော်နဲ့ကိုယ် ပြောလိုက်မယ်။ ဒီအနာဂတ်မှာ အာဏာမှာ ဝင်မရှုပ်နဲ့။ အဲဒီစစ်တပ်က ။ ပြီးတော့ ဒီတစ်လျှောက်လုံး နစ်နာဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေ ဘ၀တွေ ဆုံးရှုံးခဲ့ရတဲ့အတွက် တရားမျှတမှု လိုအပ်တယ်။ ကိုယ်မေးချင်တာ တရားစီရင်ခန်း မရှိရတော့ဘူးလား။ ဒါပဲ။ အဲဒါသည် အရေးကြီးတယ်လို့ နားလည်တယ်။

နောက်တစ်ခုက ဥပေဒအတိုင်း ဖြေရှင်းချင်တာဖြစ်တယ်။ ဟောဒီ ဒီတော်လှန်ရေးသမားတွေက။ ဟို နာဂစ် ခြေဥ အောက်ကို ပြန်ဝင်ပြီးတော့ ငါစိတ်ကြိုက်လုပ်တဲ့ပွဲမှာ မင်းတို့က ဝင်ပါပေးလိုက်ကွာ။ နည်းနည်းပါးပါးလည်း မျှပေးပေါ့ဆိုတာမျိုးနဲ့ကတော့ စျေးဆစ်လို့မရဘူး။ ပြောဖူးပါတယ် တော်လှန်ရေးဆိုတာ ဘယ်သူမှ ဝင်ပြီး စျေးဆစ်လို့မရဘူး၊ ကြေးဖြတ်လို့မရဘူးလို့ ပြောဖူးပါတယ်။

မေး။ ။ ဒီကြေညာချက်က စစ်ကောင်စီမှာ တကယ်ပဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းဖို့ ဆန္ဒရှိတာလား။ ငါတို့တော့ မနိုင်တော့ဘူး။ အဲဒါကြောင့် ဒီကောင်တွေကို ကျုံးသွင်းပြီးတော့ အခြားနည်းလမ်းပြောင်းတယ်ဆိုတဲ့ ပုံစံမျိုး မြင်ရလား။ ဘယ်လိုမြင်ရလဲ။

ဖြေ။ ။ အဲဒါအရေးကြီးပါတယ်။ သဘောက သူကစဉ်းစားတာက နှစ်ဖက်ပိတ်ရိုက်လိုက်တာပေါ့။ တစ်ဖက်က ငြိမ်းချမ်းရေးဆိုတဲ့စကားလုံးနဲ့ပြပြီးတော့ ငြိမ်းချမ်းရေးကို ငြင်းဆန်သူတွေ အဖြစ်နဲ့ ပုံဖျက်မယ်ပေါ့။ အဲဒီလိုမှ မဟုတ်လို့ ဝင်လာမယ်ဆိုလို့ရှိရင်လည်း သူ့စိတ်ကြိုက် ကစားမယ့် ဒီနာဂစ်အောက်က အဲဒီပွဲမှာ သမိုင်းတရားခံ ဝင်လုပ်ပေးရမယ်ပေါ့။ ဒီနှစ်ဖက်ကို သူက ဂျောင်ပိတ်ထားတာ။ အဲဒီတော့ ပြန်ရှင်းဖို့တော့လိုတယ်။

မီဒီယာကြီးတစ်ခုက လိုရာဆွဲပြီးတော့ ရေးတာတွေ့လိုက်ပါတယ်။ ဘာလဲဆိုတော့ ဒီတော်လှန်ရေးအင်အားစုတွေကပဲ ငြိမ်းချမ်းရေးကို ငြင်းဆန်တယ်ဆိုတဲ့ပုံမျိုးနဲ့ ခေါင်းစဉ်တွေ ရေးတာပေါ့။ အဲဒါက ကိုယ့်ဘက်က ပြန်ပြီးတော့ ပြောစရာရှိတယ်။ ဒီလို ဆန္ဒပြ ပြည်သူတွေကို ဖမ်းခဲ့တယ်။ နှိပ်စက်ခဲ့တယ်။ သတ်ဖြတ်ခဲ့တယ်။ အဲဒါတွေက နိုင်ငံရေး နည်းလမ်းတွေလား။ ဒါက မေးကို မေးရမယ်။ ဥပဒေမဲ့ ကြိုးပေးကွပ်မျက်ခဲ့တာတွေအထိပေါ့။ အခုအချိန်အထိလည်း ပေါင် ၅၀၀ ဗုံးတွေကျဲချနေတုန်းပဲ။ ကဲ ဒါတွေက ဘာတွေလဲ နိုင်ငံရေးအရ ဖြေရှင်းနေတာလား။ ကုန်ကုန်ပြောရမယ်ဆိုရင် NCA ဘယ်ဘူတာဆိုက်နေပြီလဲ။ အဲဒါကတော့ သိဖို့လိုတယ်။

နောက်တစ်ခု မြေခွေးတွေက ဘယ်လိုပဲ အူအူပါ သာယာနာပျော်ဖွယ်ကောင်းအောင် အူအူပေါ့၊ မြေခွေးက မြေခွေးဆိုတာတော့ သိထားဖို့တော့လိုတယ်။ နောက်အရေးကြီးဆုံး တစ်ချက်က တချို့က စိုးရိမ်တယ်။ ခင်ဗျားတို့ ငြင်းတယ်ဆိုရင် ငြင်းလိုက်ရင် ငြိမ်းချမ်းရေးကို မလိုလားတဲ့သူတွေအဖြစ် ပုံဖော်ခံရလိမ့်မယ်ပေါ့။ ဘာကို သွားသတိရလဲဆိုတော့လေ ဒီစစ်အာဏာရှင်တွေက ဖက်ဆစ်ဖြစ်တယ်။ အခြေအနေ မဟန်ရင် အဲဒီအလံကို ထထ ကိုင်တတ်တယ်။ ငြိမ်းချမ်းရေး အလံ။ ကျနော်တို့ ငယ်ငယ်က ကြုံဖူးခဲ့တာပါ။ ခါးပတ်ခေါင်းမှာ သံနဲ့ လုပ်ထားတဲ့ Peace ပုံ ခါးပတ်ခေါင်းကြီး အကြီးကြီး ။ အဲဒါကြီးနဲ့ သူက လူတကာကို ရန်ရှာပြီးတော့ ခါးပတ်ကြီးနဲ့ ချွတ်ရိုက်ရင် အဲဒီ Peace ပုံ သံနဲ့လုပ်ထားတဲ့ သံတုံးသံခဲကြီးနဲ့ လူခေါင်းတွေကို ရိုက်ရင် အင်မတန်နာတာပဲ။

မေး။ ။ စက်တင်ဘာလ ၂၆ ရက်နေ့ ည ၈ နာရီမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းမယ်ဆိုပြီး ဖိတ်ခေါ်ပါတယ်လို့ စစ်တပ်က ကြေညာချက်ထုတ်တယ်။ စက်တင်ဘာလ ၂၇ ရက်နေ့ မနက် ၃ နာရီခွဲမှာ လားရှိုးကို လေယာဉ်နဲ့ ဗုံးသွားကျဲလို့ ပြည်သူတွေ ထိခိုက်သေဆုံးတယ်။ မြို့မစျေးကြီး ပျက်သွားတယ်။ ပြည်သူတွေအများကြီး ဒဏ်ရာရတယ်။ ညမှာ ဖိတ်ခေါ်တယ်။ မနက်ကျတော့ ဗုံးကျဲတယ်။

ဖြေ။ ။ အဲဒါက သူတို့ဟောတဲ့တရားနဲ့ တကယ်ကျင့်တာနဲ့ ဘယ်လိုရှိလဲဆိုတာကို ပေါ်တာပေါ့။ ကမ္ဘာကြီးက သိဖို့လိုတယ်။ အခုဟာက ဖြစ်နေတာက မီဒီယာကို အင်အားကြီးသူ လွှမ်းမိုးနိုင်သူကပဲ အမှန်တရားဆိုတဲ့ပုံစံမျိုးဖြစ်နေတာ။ တကယ် ပြည်သူဘက်က ရပ်တဲ့ မီဒီယာဆိုတာက လက်ချိုးရေလို့ရပါတယ်။ ဒါလည်း ပြည်သူတွေက တခဲနက် အားပေးကြတာပဲ။ ကျနော် နာမည်တွေ မပြောချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူ့ကိုမှ ကြော်ငြာပေးချင်လို့မဟုတ်ဘူး။

ဒါပေမယ့် အဲဒီလိုပေါ့။ တရားမျှတဲ့ဘက်ကို အမှန်တိုင်း အရှိတိုင်းဖော်ပြတဲ့ မီဒီယာတွေတော့လိုတယ်။ ဓနအင်အားရှိတိုင်း လိုရာပုံဖော်လို့တော့ မဖြစ်ဘူးဗျ။ အဲဒီတော့ တကယ်ကျင့်ကြံအားထုတ်တဲ့ တရားကိုသာလျှင် ကမ္ဘာကြီးက သိကြဖို့လိုတယ်။ ဒီကိစ္စမှာ တရားစီရင်ခန်း မရှိရတော့ဘူးလားပဲ မေးချင်တာ ကမ္ဘာကြီးကို ။ အဲဒါပါပဲ။

မေး။ ။ တရားစီရင်ခန်းဆိုတာ ဘယ်သူ့ကို တရားစီရင်မှာလဲ။ ဘယ်လို တရားစီရင်မှာလဲ။

ဖြေ။ ။ ဟုတ်တယ်။ အဓိကကတော့ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ လူပုဂ္ဂိုလ်တွေပေါ့။ ဘာကြောင့် ဒီလိုပြောရလဲဆိုတော့ ရင်ကြားစေ့တယ်လို့ ပြောကြတယ်။ နိုင်ငံရေးအရ စကားပြောကြမယ်။ နိုင်ငံရေးအရ ကြိုးပမ်းကြမယ်ဆိုတာကို ခေါင်းစဉ်အရ ငြင်းစရာမရှိဘူး။ ဒါပေမယ့် ဘာလဲဆိုတော့ Institution တို့ လူပုဂ္ဂိုလ်တို့က ဆွေးနွေးလို့ရတယ်။ ဒါပေမယ့် အဓမ္မနဲ့ ဓမ္မကတော့ နိုင်ငံရေးဘောင်ထဲကလည်း ဆွေးနွေးလို့မရဘူး။ ဒါပါ။ ဒါဆိုလို့ရှိရင် ရှင်းပါလိမ့်မယ်။ အဲဒီတော့ တကယ်ကို စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့သူတွေကိုတော့ တရားရင်ဆိုင်ရလိမ့်မယ်။ ဒါမှသာလျှင် အားလုံးပြောချင်တဲ့ စံချိန်စံညွှန်းနဲ့ ကိုက်တဲ့ အနာဂတ်တစ်ခုကို တည်ဆောက်လို့ရမယ်။

မေး။ ။ စစ်ရာဇဝတ်မှုကျူးလွန်သူတွေ တရားရင်ဆိုင်ရမယ်ဆိုတော့ အဲဒီသူတွေနဲ့ ဆွေးနွေးစရာမရှိဘူးဆိုတဲ့ သဘောလား။

ဖြေ။ ။ ဒီလိုလေ ကျနော်တို့က အိမ်တစ်အိမ်ကို ကျနော်အမြဲတမ်းပြောဖူးပါတယ်။ အိမ်တစ်အိမ်ကို ဓားပြတိုက်ပြီ။ အဲဒီဓားပြက ဝင်တိုက်တဲ့အချိန်မှာ အညံ့ခံလိုက်ပြီးတော့ သူပြုသမျှ နုမယ်ဆိုတဲ့သူတွေက သပ်သပ်ရှိမှာပေါ့။ ကျနော်တို့ကတော့ ပြန်ချတာပဲ။ အဲဒီဓားပြကို ။ အင်အား မျှသည်ဖြစ်စေ မမျှသည်ဖြစ်စေ။ အဲဒီတော့ စဉ်းစားသာကြည့်ပေါ့။ အဲဒီဓားပြနဲ့ ဆွေးနွေးစရာ။ အဲဒီဓားပြဗိုလ် အမိန့်ပေးတဲ့သူ မုဒိမ်းကျင့် လူသတ် ပစ္စည်းတွေယူ မတရားနှိပ်စက်တဲ့ ဓားပြဗိုလ်နဲ့တော့ ကျနော်အနေနဲ့ကတော့ ဆွေးနွေးစရာမရှိဘူး။ ဘာကို ဆွေးနွေးရမှာလဲဆိုတော့ Institution တစ်ခုသည် အနာဂတ်မှာ ဘယ်လိုရှိမယ်ဆိုတာ အဲဒါရယ်။ နောက်ဆုံးတစ်ချက်ကတော့ ခုနလို တရားဥပဒေကို ရင်ဆိုင်ပါ့မယ်ဆိုတာမျိုး။ အဲဒါလိုပါတယ်။ ဘယ်သူတွေက ဝန်ခံနေလို့လဲ။ အခု အဆင့်တွေကျော်ပြီးတော့ လာလာပြီးတော့ ဩဇာပေးနေရအောင်။

မေး။ ။ အကြမ်းဖက် ဇော်မဲလုံးက ၁ လက်ရှိအခြေအနေကြောင့် ပြည်သူတွေ အရမ်းနစ်နာနေတယ်။ ၂ – ပြောင်းလဲလာတဲ့ နိုင်ငံတကာအခြေအနေကြောင့်မလို့ နိုင်ငံငယ်လေးတွေ ပျောက်သွားနိုင်တယ်။ ပြည်တွင်း စည်းလုံးညီညွတ်မှုရှိဖို့လိုတယ်ပေါ့။ ၃ ငြိမ်းချမ်းရေးကို လိုလားတဲ့အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ သဘောထား ဆန္ဒကြောင့်မို့လို့ ဒီလို ထုတ်တယ်။ ပြည်သူကို မျက်နှာမူရင် သူတို့နဲ့ ဆွေးနွေးပါဆိုပြီး စစ်ကောင်စီက ပြောလာတယ်။ အဲဒီအပေါ် ဘာမှတ်ချက်ပေးချင်ပါလဲ။

ဖြေ။ ။ သူတို့ကတော့ ပြည်သူကို လိမ်လို့မရမှန်းတော့ သူတို့သိတယ်။ ဒါကိုတော့သိတယ်။ သူတို့ကိုယ်တိုင် သတ်ထားတာပဲ။ သူတို့ကိုယ်တိုင် နှိပ်စက်ထားတာပဲ။ အစအဆုံး လိပ်ပတ်လည်အောင် မသိတဲ့ ကမ္ဘာကြီးကိုတော့ သူတို့ အသံကောင်းဟစ်တယ်လို့ ခေါ်တာပေါ့။ ဒါလုပ်တာပါ။ ကမ္ဘာကြီးကိုလည်း ပြောပြထားရမှာက ဒီနိုင်ငံရဲ့ဖြစ်စဉ်ကို ဝေဖန်မယ် ဆုံးဖြတ်မယ်၊ သို့တည်းမဟုတ် အမိန့်ပေးမယ်ဆိုရင် သို့တည်းမဟုတ် အကြံပေးမယ်ဆိုရင် တစ်ခုခု Judge လုပ်မယ်ဆိုလို့ရှိရင် သိအောင်ကြိုးစားပါ။ အေး သိအောင် ကြိုးစားဖို့ဆိုတာကတော့ ဒီပြည်သူတွေဘက်က ဒီနွေဦးတော်လှန်ရေး ဖြစ်လာတာက ဘာလဲဆိုတော့ ငြိမ်းချမ်းစွာ နိုင်ငံရေးဘောင်ထဲက ဖြေရှင်းတဲ့အနေနဲ့ ငြိမ်းချမ်းစွာ မဲပေးခဲ့တာကို အဲဒီ မဲရလဒ်ကို သူတို့ စိတ်ကြိုက် မဖြစ်တိုင်း ဖျက်ဆီးတာ။ နောက်တစ်ကြိမ် ပြန်လုပ်မယ်လည်း လုပ်တာ။ အဲဒါကို ပြည်သူက လက်မခံတာ။

ရှင်းတယ်နော်။ ဒါငြိမ်းချမ်းရေးက ဘယ်လောက်ကြိုးစားခဲ့တယ်။ ငြိမ်းချမ်းတဲ့နည်းနဲ့ ဘယ်လောက်ကြိုးစားခဲ့တယ်။ နိုင်ငံရေးဘောင်ထဲက ဘယ်လောက်ကြိုးစားခဲ့လဲဆိုတာ ဒါပေါ်လွင်တယ်။ အဲဒါကို သူက ပြည်သူက ဆန္ဒပြတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြတယ်။ အားလုံးကို လူပင်လယ်ပြည့်သွားအောင် ပြည်လုံးကျွတ် ပြတယ်။ အဲဒါကို သူက အကြမ်းဖက်ပြီးတော့ နှိပ်စက်တယ်။ ဖြိုခွင်းတယ်။ သတ်ဖြတ်ပစ်တယ်။ အဲဒီလိုလုပ်တာကို ကျကျနန သိဖို့လိုတယ်။ မသိရင် သိအောင်ကြိုးစားပါ။ သိပြီးရင်လည်း မသိယောင်မဆောင်ပါနဲ့။ ဒါပါပဲဗျ။

မေး။ ။ သူတို့ကြေညာချက်မှာပါတာက ပါတီလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းပေါ့။ သူတို့ ရွေးကောက်ပွဲကို လုပ်ဖို့ ကြိုးစားနေတယ်ပေါ့။ ၂၀၂၀ ရွေးကောက်ပွဲကိုတောင် ဖျက်ခဲ့တဲ့လူတွေက နောက်ရွေးကောက်ပွဲထပ်လုပ်မယ်ဆိုတာက ဘယ်လိုသဘောပါလဲ။

ဖြေ။ ။ ရွေးကောက်ပွဲဆိုတဲ့ အရာ။ ရွေးကောက်ပွဲဆိုတဲ့ ကျင့်စဉ်ကို မဆန့်ကျင်ဘူး။ လုပ်ခဲ့ပြီးပြီ။ စိတ်တိုင်းကျ ဖြစ်တဲ့ Constitution မဟုတ်တောင်မှ ယာယီ ဒီအတိုင်းသွားမယ်။ ပြီးလို့ရှိရင် ပြောင်းလို့ရတဲ့အချိန်မှာ ငြိမ်းငြိမ်း ချမ်းချမ်းပြောင်းမယ်ပေါ့။ ဒီလိုသွားခဲ့ကြတာ။

စကားလုံးအနှစ်သာရအားဖြင့် ရွေးကောက်ပွဲဆိုတဲ့ တရားကို ကျနော်တို့ မဆန့်ကျင်ဘူး။ ဒါပေမယ့် အခုနအတိုင်းပါပဲ။ ငါ့စိတ်ကြိုက် မရမချင်း နောက်ထပ် ထပ်ထပ် ပြန်ပြန်လုပ်မယ်ဆိုရင် ဒါ သမိုင်းက ရိုင်းတယ်။ ကမ္ဘာကြီးက ဒီလိုလည်း ခွင့်မပြုသင့်ဘူး။ လူမိုက် စိတ်ကြိုက် ရလဒ် ဖြစ်မှ ငြိမ်းချမ်းမယ်ဆိုတာကတော့ ခင်ဗျားတို့လက်ခံမလား။ ပြောချင်တာက အဲဒီနိုင်ငံတကာ ဘယ်နိုင်ငံဖြစ်ဖြစ် သူတိုနိုင်ငံတွေမှာ စစ်တပ်က အဲဒီလို လူပါး၀ရင်ကော သူတို့ လက်ခံမှာလား။ ဒါလေးပါပဲ။

မေး။ ။ တရုတ်အခန်းကဏ္ဍပေါ။ မင်းအောင်လှိုင်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးက လက်စွဲနှုတ်ဆက်ပြီးတော့ ထောက်ခံမှုပေးတဲ့ ပုံ ထုတ်ပြတယ်။ တရုတ်က တော်လှန်ရေးတပ်တွေ အထူးသဖြင့်တော့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေအပေါ်မှာ ဖိအားတွေ ပေးနေတယ်။ နယ်စပ်ဂိတ်တွေပိတ်တယ်။ စစ်ပွဲ ဆက်မလုပ်အောင် ဟန့်တားတွေ ရှိတော့ အဲဒီအခြေအနေက တရုတ်က စစ်တပ်ဘက်က ရပ်တည်ပြီးတော့ မြန်မာပြည်သူလူထုကို ဆန့်ကျင်နေတာလား။ ဘယ်လို ရှုမြင်လို့ရလဲ။

ဖြေ။ ။ အင်အားကြီးနိုင်ငံတွေဆိုတာ ကျင့်ဝတ်ကို ပိုပြီးတော့ ဆင်ခြင်ရမှာပေါ့။ ထင်သာမြင်သာရှိတယ်။ ကမ္ဘာကြီးတစ်ခုလုံးက မျက်စိဒေါက်ထောက်ကြည့်နေတယ်။ အဲဒီတော့ တစ်ဖက်ကို လေကြောင်းအရ စိတ်ကြိုက် ဗုံးကျဲခွင့်ပေးတယ်။ အဲဒါကိုကျတော့ အသံတိတ်နေတယ်။ ပြည်သူလူထုက ခုခံတဲ့တိုက်ပွဲတွေကိုကျတော့ ဖိအားပေးတယ်ဆိုရင် ဘယ်မှာလဲ သမာသမတ်ကျမှု။ ဒါ ပြည်သူတွေကတော့ ပျက်ရယ်ပြုနေမှာပဲ။ ကျနော်တို့ နားလည်တယ်။ ဘာကို နားလည်တာလဲဆိုတော့ အကျိုးစီးပွားကိုပဲ ဗဟိုပြုနေကြတဲ့ ကမ္ဘာကြီးဆိုတာ ကျနော်တို့သိပါတယ်။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ။ ဒါကို သဘောပေါက်ပါတယ်။ ဒါပေမယ့် အဲဒီအကျိုးစီးပွားကို စဉ်းစားတယ်ဆိုရင် အဲဒီ အကျိုးစီးပွားကို ဘယ်သူက ကာကွယ်ပေးနိုင်တာလဲဆိုတာကိုတော့ ကမ္ဘာကြီးရဲ့ စီးပွားရေးသမားတွေ ခေါ်ခေါ် ပေါ့ဗျာ အဲဒီအကျိုးစီးပွားသမားတွေ သိဖို့လိုတယ်။

ကျနော်တို့မြေပေါ်မှာရှိတဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကို တကယ်တမ်း ဘယ်သူတွေက အကာအကွယ်ပေးနိုင်တာလဲဆိုတာ ဒီနေ့ မျက်ဝါးထင်ထင် တွေ့ဖို့ကောင်းပြီ။ အထူးသဖြင့် မြန်မာပြည်အထက်ပိုင်းဒေသ တွေ စစ်ကိုင်းတိုင်းတို့ ဘာတို့မှာဆိုလို့ရှိရင် ပြည်သူလူထုက အဲဒီသယံဇာတတွေ ထုတ်ယူ နေတဲ့ မြေပေါ်မှာ ပိုက်လိုင်းဆိုရင်လည်း ပိုက်လိုင်း ပေါ့ဗျာ၊ သတ္တုတွင်းဆိုရင်လည်း သတ္တုတွင်းပေါ့ဗျာ။ အဲဒီမြေပေါ်မှာ ခြေစုံရပ်ပြီးတော့ လက်သီးလက်မောင်းတဲ့ ဓာတ်ပုံတွေ ကြည့်ချင်တာလား။ ပြည်သူ့ဘက်က အဆင်သင့်ပဲ။အဲဒါပါပဲဗျ။

မေး။ ။ နိုင်ငံတကာက သုံးသပ်မှုတွေမှာ စစ်တပ်မရှိလို့ရှိရင် မြန်မာပြည်ကြီး အစိတ်စိတ်အမွှာမွှာ ကွဲသွားပြီးတော့ စစ်ဘုရင်တွေ ကြီးစိုးတဲ့ နယ်မြေကြီးဖြစ်သွားမယ်။ မတည်မငြိမ်ဖြစ်သွားမယ်။ အဲဒီအမြင်မျိုးကို နိုင်ငံရပ်ခြားက မြန်မာ့အရေးလေ့လာသူတွေ၊ တက္ကသိုလ်တွေမှာ ပညာရှင်ဆိုတဲ့ ပုဂ္ဂိုလ်တွေက စစ်တပ်မရှိရင် မြန်မာပြည်ကြီးက အစိတ်စိတ်အမွှာမွှာကွဲပြီးတော့ စည်းလုံးညီညွတ်မှု ပြိုကွဲပြီးတော့ မင်းမဲ့စရိုက်ဖြစ်သွားမယ်၊ Failed State ဖြစ်သွားမယ်ဆိုတာတွေ ပြောနေကြတော့ ဒီအမြင်တွေက တကယ်လက်တွေ့ကျလား။

ဖြေ။ ။ ခေတ်အဆက်ဆက်မှာရှိတယ် အဲဒီသုတေသီတို့ Scholar တို့ဆိုတာက သူတို့က သူတို့ အလုပ်လုပ် သူတို့လုပ်မှာပဲ။ ဒါလေးကိုတော့ ရှင်းထားဖို့လိုတယ်။ သူတို့သည် အသက် သွေးချွေး ဘ၀တွေရင်းပြီး ဒီနေ့ အကောင်းသား၊ နောက်နေ့ကျလို့ရှိရင် အသက်ခန္ဓာပါ စွန့်သွားရတဲ့ ဖမ်းဆီးနှိပ်စက်ခံလိုက်ရတဲ့ တော်လှန်ရေး သမားတွေနဲ့တော့ တစ်ထပ်တည်းတူမှာမဟုတ်ဘူး။ ဒါကိုတော့ သဘောလည်း ပေါက်ပြီးသား ဝမ်းလည်း မနည်းဘူး။ တကယ်တော်လှန် ရင်ဆိုင်နေရတဲ့ ပြည်သူတွေကတော့ အဲဒီစစ်ကျွန် ဒါ အရေးကြီးတယ်။

ကျနော်တို့ တိုင်းတစ်ပါး ကျွန်လည်း မခံနိုင်ဘူး၊ စစ်ကျွန်လည်းမ ခံနိုင်ဘူး။ စစ်တပ်ဆိုတာ အပိုးကျိုးတဲ့ စစ်တပ်ပဲဖြစ်ဖို့လိုတယ်။ အနာဂတ်မှာ ဒီတိုင်းပြည်မှာ စစ်တပ်ရှိချင် ရှိမယ်။ အဲဒီစစ်တပ်သည် အပိုးကျိုးပြီးတော့ ပြည်သူ လူထုဝန်ထမ်းဖြစ်တယ်ဆိုတာကို ကောင်းစွာ နှလုံးသွင်းပြီးတော့ ဘဝင်ကျတဲ့ စစ်တပ်ပဲဖြစ်ရမယ်။ ဘယ်နှယ့်ဗျာ စစ်ဘုရင်တွေ နေရာအနှံ့ကြီးစိုးမယ် အဲဒါကိုကြောက်လို့ ဒီစစ်တပ်တစ်ခုတည်း ဗဟိုပြုပြီးတော့ အားလုံးကို စစ်ကျွန်ပြုနေတာကိုတော့ ငုံ့ခံဆိုတာမျိုးကတော့ ကျနော် ပြည်သူတစ်ယောက်အနေနဲ့ လက်မခံဘူး။ ကျနော်တို့ ပြည်သူတွေ အခုထိတိုက်ပွဲဝင်နေတာ ဒါကြောင့်ဗျ။

မေး။ ။ အဲဒီတော့ အဲဒီလူတွေပြောနေကြတဲ့ Failed State ဖြစ်သွားမယ်ဆိုတာ တကယ်ဟုတ်ရဲ့လား။ ဘာကြောင့် သူတို့ဒီလိုတွေ ပြောနေကြတာလဲ။

ဖြေ။ ။ အဲဒါကလည်းကျနော်တို့ ငယ်ငယ်တုန်းက ကြားဖူးကြမှာပါ။ ကောင်ကောင်ကြီး ကိုက်မယ်ဆိုတာမျိုးပေါ့။ ဘာကောင်ကြီးလဲမသိဘူး။ ဘယ်လိုကိုက်မယ်မှန်းလဲမသိဘူး။ ကြောက်ရမယ်ဆိုတာမျိုးဖြစ်နေတာဗျ။

ရိုးရိုးလေးဗျ။ ကျနော်တို့ဆီမှာ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေ အဖွဲ့အစည်းတွေမှာ ခေါင်းဆောင်တွေ ကိုယ်စားပြုမှု များစွာနဲ့ ကျနော်တို့ တော်တော်ကြိုးပမ်းခဲ့ရတာနော်။ အဲဒီခေါင်းဆောင်တွေက တော်တော်ကို ညှိရတာဗျ။ ရလာတယ်။ ဘုံသဘောထား ၆ ချက်ကို သေချာဖတ်ပါ။ စာလေး ၆ ကြောင်းလောက် ဖတ်ရမယ့်ကိစ္စကို ။ အဲဒီမှာ ကျနော်တို့ တိုင်းပြည်က ပြိုကွဲမှာလား မပြိုကွဲဘူးလားဆိုတာကို ပေါ်လာပါလိမ့်မယ်။ အခုက Failed State က ဖြစ်ကိုဖြစ်နေတာ။

မြေပုံတစ်ခုက ဂွမ်းဆိုပြီးတော့ မလွင့်စင်သွားဘဲနဲ့ အတွင်းမှာ ကြိတ်ပြီးတော့ အနိုင်ကျင့်ပြီးတော့ နှလုံးသားတွေကိုရော ဦးနှောက်တွေကိုရော နင်းချေခံပြီးတော့ နေ့စဉ် ပူလောင်သောကတွေနဲ့အနိုင်ကျင့်ခံနေရတဲ့ အဓမ္မပြုကျင့်ခံနေရတာက Failed State မဟုတ်ဘူးလား။ ကျနော်တို့ မေးစရာရှိတယ်။ ကမ္ဘာကြီး ရဲ့ မြေပုံဟာလေ ကမ္ဘာကြီး စတင်ကတည်းက ဘယ်သူကမှ နယ်နမိတ်သတ်မှတ်ချက်ရှိတာမဟုတ်ဘူး။ ဒါတွေက မြဲတဲ့တရားလည်းမဟုတ်ဘူး။ အရေးကြီးတာက လူဟာ လူ့ဂုဏ်သိက္ခာနဲ့ ပြည့်၀တဲ့ မြေပေါ်မှာ ရင်ကော့ပြီးတော့ ပြည်သူတွေ နေနိုင်ဖို့သာ အဓိကဗျ။ ဒီလောက်ပဲ ပြောချင်တယ်။

မေး။ ။ Failed State ဖြစ်စေတဲ့ အဓိက တရားခံ စစ်တပ်လို့ ပြောလို့ရတာပေါ့။

ဖြေ။ ။ သူလုပ်နေတယ်ဆိုတာ အမှန်ကတော့ မသိချင်ယောင်ဆောင်တဲ့သူသာရှိတာ၊ မသိတာမဟုတ်ဘူးဗျ။ အကြောင်းကြောင်းကြောင့်။ ဥပမာ- စစ်တပ်ဆီက ရတဲ့ တန်စိုးလက်ဆောင်ဖြစ်ရင်ဖြစ်မယ်ဗျာ။ အခွင့်အရေးတွေ ဖြစ်ရင်ဖြစ်မယ်ဗျာ။ အဲဒါကြောင့်သာ ရောကြိတ်ချနေတာ။ တကယ်တော့ သိကြတယ်။

ဘာလို့လဲဆိုတော့ သာမန်ပြည်သူတောင်သိတယ်ဗျာ။ နေ့စဉ် အနှိပ်စက်ခံနေရတာ ဒီစစ်တပ်က ။ ကျနော်ကတော့ အရပ်သားစကားပဲပြောမယ်။ လူပါး၀နေတာဗျ။ ဌာနဆိုင်ရာတွေထဲမှာ ဝင်ပြီးတော့ လူပါး၀တယ်။ အာဏာအထိတက်ပြီးတော့ လူပါး၀တယ်။ ပြီးတော့ အားလုံးကို အနိုင်ကျင့်တယ်။ အခွင့်ထူးခံတယ်။ ဖိနှိပ်ချုပ်ခြယ်တယ်။ ဒါကြောင့်သာလျှင်ဖြစ်တယ်ဗျာ။ ဒါပဲ ပြောချင်တယ်။

မေး။ ။ နိုင်ငံတကာဘက်က ထောက်ပြတာက တော်လှန်ရေးအင်အားစုတွေက နွေဦးတော်လှန်ရေး အင်အားစုတွေက စုစုစည်းစည်းမရှိဘူး။ တကွဲတပြားနဲ့ရှိနေကြတယ်။ အချင်းချင်းကြားထဲမှာ ညီညွတ်မှုမရှိဘူး။ ဒါကြောင့်မို့လို့ ရှေ့ကို မရောက်ဘူးပေါ့။ ဒီလိုပြောတဲ့ အမြင်တွေအပေါ်ကိုရော ဘယ်လိုသုံးသပ်လို့ရလဲ။

ဖြေ။ ။ အဲဒီဝေဖန်တဲ့သူတွေပဲ သူတို့ပဲ Diversity တရားကို ဟောခဲ့တာဗျ။ ပန်းပေါင်းစုံ အရွက်ပေါင်းစုံ အပင်ပေါင်းစုံ သီးပွင့်နိုင်ပါသည်။ ဝေဆာနိုင်ပါသည်။ ပြောကြပါစေလေဗျာ။ လူဆိုတာ အယူအဆတော့ အမျိုးမျိုးရှိမှာပေါ့။ အနာဂတ်ကို ပုံဖော်တာ အမျိုးမျိုးရှိမှာပေါ့။ ကျနော်တို့က ဘယ်အချက်မှာ တူရမလဲဆိုတော့လေ။ တရားမျှတမှု ရှိရမယ်။ တန်းတူညီမျှမှုရှိရမယ်။ လွတ်လပ်ခွင့်ရှိရမယ်။ ဒီ ၃ ခုမှာ ကျနော်တို့ ညီထားပြီးသား။ အဲဒီ ၃ ခုအပေါ်မှာပဲ အခြေခံပြီးတော့ ဘယ်ပုံစံလိုချင်တယ်။ ဘယ်လိုဖြစ်နေလဲ Design တွေပေါ့ဗျာ။ ဒါတွေကတော့ ရှိမှာပဲ။

အရေးကြီးဆုံး အချက်က ကျနော်တို့သည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်မယ်ဆိုတာ ဒါညီနေပြီဗျာ။ ရနေပြီဗျ။ ကျန်တာကတော့ဗျာ။ ကျနော်ခုနက ပြောသလို ကောင်ကောင်ကြီး ကိုက်မယ်ဆိုတာကတော့ လာကို လာနေဦးမှာပဲ။ သူတို့အလုပ်က ဒါကိုဗျ။

မေး။ ။ ဒါက နောက်ဆုံးမေးခွန်းပါ။ ပြည်သူတွေကို အခုအချိန်အခါမှာ စစ်ဘေးအပြင် ရေဘေးကလည်း ကြုံရတယ်။ ပြည်သူတွေမှာ ဒုက္ခတွေမျိုးစုံ ရင်ဝယ်ပိုက်ထားရတယ်။ ပြည်သူတွေကို ဘာ Message ပေးချင်ပါလဲ။

ဖြေ။ ။ ကျနော်တစ်ယောက်တည်းအနေနဲ့ကတော့ ပြည်သူတွေ လိုချင်တဲ့ပန်းတိုင်ရောက်အောင်သွားမှာပဲ။ အဲဒီတော့ တကယ်နေ့စဉ် ထိတွေ့ ဆက်ဆံနေရတဲ့ တော်လှန်ရေးရဲ့ ခေါင်းဆောင်အသီးသီး ရှိတယ်။ ကိုယ်စားပြုမှု အသီးသီးရှိတယ်ဗျ။ သူတို့အားလုံးကလည်း ငါတို့အားလုံးရဲ့ ဘုံရန်သူသည် ကျနော် ပုဂ္ဂိုလ်ကို ဝေဖန်နေတာမဟုတ်ဘူးနော်။ ဒီစနစ်ကြီးတစ်ခုလုံးကို ပြောနေတာ။ စစ်အာဏာရှင် စနစ်ဖြစ်တယ်။ ဖက်ဆစ်ဆန်ဆန် ကျင့်သုံးနေတဲ့အရာကို ငါတို့ဖယ်ရှားမယ်။ အဲဒီအတွက်တော့ အမှန်တကယ်တော့ ညီတယ်ဗျ။ တစ်ခါတစ်ရံကျရင် ထွက်လာတဲ့ စာရွက်တွေ လေသံတွေကို ကြည့်ပြီးတော့ ဒီအတိုင်းပဲလို့တော့ မဆုံးဖြတ်နဲ့ပေါ့။

ကျနော်တို့ ပြောနိုင်တာတစ်ခုရှိတယ် ဒါဘာလဲဆိုတော့ ပေးထားတဲ့ကတိတွေက ဖျက်ကြမှာမဟုတ်ဘူး။ ဒါအရေးကြီးတယ်။ နောက်တစ်ခုကကျတော့ ဒီနည်းနဲ့မရရင် နောက်တစ်နည်းရှိကိုရှိတယ်။ ဒါတွေက အသေးစိတ်တွေလည်း ပြောစရာမလိုဘူး။ ဒီနေ့ဒီအချိန်မှာ အရေးကြီးဆုံးတစ်ချက်က Turning Point ပေါ့။ လုံး၀အချိုးအကွေ့ကြီးတစ်ခုကို ရောက်သွားတော့မယ်အချိန်ဖြစ်တယ်။ အဲဒီအချိုးအကွေ့ဟာ အောင်ပွဲပဲဖြစ်တယ်။ အဲဒီအောင်ပွဲက နိုင်ငံတကာက ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဘဝင်ကျသည်ဖြစ်စေ မကျသည်ဖြစ်စေ အသိအမှတ်ပြုရမယ့် ပုံစံမျိုးဖြစ်တယ်။

အဲဒီကို ရောက်အောင်သွားမှာဖြစ်တယ်။ အဲဒီအတွက် ပုံအောပါ။ ဘယ်နေရာကအရေးကြီးတယ်ဆိုတာကို သိအောင်ကြိုးစားပါ။ ကျနော်တို့ ယေဘုယျပြောမယ်။ ဒီကနေ့ဆိုလို့ရှိရင် မဟာဗျူဟာအရ အရေးပါတဲ့ လမ်းတွေကို တော်လှန်ရေးအင်အားစုက ၁ လှုပ်ရှားနိုင်ပြီ။ ၂ တချို့တွေ ထိန်းချုပ်နိုင်ပြီ။ လိုတဲ့ပစ္စည်းတွေ လိုတဲ့နေရာကိုပို့နိုင်တယ်ဗျာ။ ဒီလောက်ပြောရင် ရှင်းမှာပေါ့။ အားလုံးပါတယ်။ တချို့နေရာတွေ မပို့နိုင်ဘူး။ ဟုတ်တယ် ရှိတယ်။

ဒါပေမယ့် တော်တော်များများက နောက်တစ်ကြိမ်ကျရင် ကြီးမားတဲ့ အချိုးအကွေ့ကြီး ဖြစ်လောက်အောင်လို့ ချိတ်ဆက်မိသွားပြီး ကွန်ရက်တွေက။ အရေးကြီးတဲ့ ဥပမာဆိုရင် မြန်မာပြည်အထက်ပိုင်းလိုမျိုးဆိုရင် အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲကြီးတွေအတွက် ဒါကလည်းဗျာ ရန်သူလည်း သိပြီးသား။ ဘယ်လိုပြင်ဆင်ကြရတယ်ဆိုတာကို ။ ပြည်သူတွေအနေနဲ့ကတော့ အရေးကြီးတဲ့ အချိုးအကွေ့မှာ အရေးပါတဲ့နေရာကို ပုံအောကြဖို့ လိုတယ်။ နောက်တစ်ခု ကျနော်တို့က ညီနောင်တိုင်းရင်းသားတွေအပေါ်မှာ တောင်ပေါ်သားတွေကို မြေပြန့်သားတွေက ဘယ်လောက်ယုံကြည်တယ်၊ အားပေးတယ်ဆိုတာကို ပြဖို့လိုတယ်။ သူတို့လိုအပ်နေတဲ့ အခက်အခဲတွေရှိတယ်။

သူတို့မှာ ဖိအားဒဏ်ကြောင့် ရိက္ခာအဖြတ်ခံရတာတွေရှိတယ်။ ထားတော့ဗျာ။ လိုအပ်တဲ့ ပစ္စည်းတွေပေါ့ဗျာ။အဖြတ်ခံရတာရှိတယ်။ နေ့စဉ် ဘ၀တွေအတွက် လောင်စာဆီက အစ အဲဒါတွေကို ပြည်တွင်းကနေရော နိုင်ငံတကာက ပြည်ပရောက်တွေရော ကျနော်ပြောချင်တာ တောင်ပေါ် မြေပြန့်မခွဲဘူး။ ပင်လယ်ကမ်းရိုးတန်း မခွဲဘူး။ ဒီတစ်ပွဲမှာ။ အားလုံးက တစ်ယောက်လိုအပ်ချက်ကို တစ်ယောက်ဖြည့်တယ်။ သစ္စာရှိတယ်ဆိုတာအဲဒါကိုပြောတာ။ တိုက်တဲ့သူက အသက်စွန့်ပြီး တိုက်တယ်။ ဖြည့်တဲ့သူကလည်း အဲဒီနေရာကို ရောက်အောင်ပို့ပေးရမယ်။ ဒါပါဗျ။

အဲဒီညီညွတ်မှုကို ပြရင် ဘယ်သူမှ ထပ်ပြီး ဖိနှိပ်လို့လည်းမရတော့ဘူး။ ဪ ငါဖိနှိပ်တိုင်းမရပါလားဆိုတာမျိုးကို ငါဖိနှိပ်တိုင်း ငုံ့မခံတဲ့ ပြည်သူတွေပါလားဆိုပြီးတော့ သူတို့ ပဲ အလျှော့ပေးရမှာ။ ကျနော်အဲဒါ လိုပါတယ်ဗျ။ အဲဒီ ညီညွတ်မှုအင်အားဆိုတာက အသံနဲ့တင်မကဘူး။ Profile ချိန်းတာလည်း လုပ်။ အသံတွေလည်း ထုတ်။ ပြီးတော့ လက်ကလည်း ကိုယ်အား ဉာဏ်အားနဲ့ ငွေအား ဓနအင်အား ရော လုပ်အားတွေရော အကုန် တိုက်ပေး။ ဒါပါပဲ နောက်ဆုံးချုပ်လိုက်ရင် ။ တော်လှန်ရေးအင်အားအချင်းချင်း တစ်ယောက်လိုတာကိုတစ်ယောက်ဖြည့်ပြီးတော့ တစ်ယောက်အားကို တစ်ယောက်ယူပြီးတော့ နောက်ဆုံးအချိုးအကွေ့ကို ရောက်အောက် ချိုးလိုက်ပါ။ ပန်းတိုင် လည်းမြင်နေရပြီ။ ဒါဟာ ဒီနှစ်ထဲမှာတင် အဆုံးအဖြတ်တိုက်ပွဲ တွေ ရအောင် တိုက်လို့ရတယ်။ ဒီပြည်သူ့အင်အားက အဲဒီလိုသာ ပုံအောလိုက်မယ်ဆိုရင်။ ကဲဒီလောက်ပါပဲ။

မေး။ ။ ကျေးဇူးတင်ပါတယ်။

ဖြေ။ ။ အဲဒီတော့ အားလုံးကို ပြောချင်တာကလည်း အချိန်တန်ရင်တော့ နွေဦးက ယုံကြည်သူ မယုံကြည်သူ အားလုံးထံမှောက်ကို နွေဦးရောက်လာမှာပါ။ ကျေးဇူးပါ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article