အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်ကို စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၂ ဦး သေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိ
ရန်ကုန်၊ အောက်တိုဘာ ၃
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်ကို ကြား ဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးပြီး စိန်ပြောင်း ၁ လက်အပါ အဝင် လက်နက် ၄ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့များ စိုးမိုးထားသည့် အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်မ ၆၆ လက်အောက်ခံ ခမရ ၆ စစ်ကြောင်းကို PDF တပ်ရင်း – ၃၈၀၂ ၊ တပ်ခွဲ – (၄) မှ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံးကာ ၁၄ ဦး ပြင်းထန် ဒဏ်ရာများရရှိပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
ယင်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ G-3 အမျိုးအစား သေနတ် ၂ လက်၊ MA-1 အမျိုး အစား သေနတ် ၁ လက်၊ ၆၀ မမ BA 100 စိန်ပြောင်း ၁ လက်၊ အီနာဂါဗုံးသီး ၁ လုံး၊ G-3 ကျည် ၁၈၁ တောင့်၊ MA-1 ကျည် ၁၃ တောင့်၊ ကျည်ဘောက် ၄ ခု၊ အီကွေးမန့် ၁ ခု၊ ကျောပိုးအိတ် ၅ လုံး၊ စကစ ဦးထုပ် ၂ လုံး၊ မိုးကာ ၁ ထည်၊ ငွေသား ၇၄၀၀ ကျပ်၊ လက်ကိုင်ဖုန်း ၅ လုံး၊ မှတ်ပုံတင်နှင့် သက်သေ ခံ ကဒ်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ယခုလက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအများအပြား အသုံးပြုကာ အုတ်ဖိုမြို့နယ် နှင့် ကြို့ပင်ကောက်မြို့နယ်တို့အတွင်း စစ်ကြောင်းထိုးလှုပ်ရှားနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များကလည်း ပူးပေါင်းကာ ခုခံတိုက်ခိုက်နေကြောင်း၊ သို့သော်လည်း ခဲယမ်းများလည်း အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရှိရသည်။
“အခုမနက် တိုက်ပွဲဖြစ်တာပါ။ တိုက်ပွဲကြာချိန်က ၁နာရီခွဲလောက်ရှိတယ်။ အရင်ရက်က ဂမုန်းဆည်ကျိုးမှာစိုးလို့ ကျွန်တော်တို့ရဲဘော်တွေ ထိန်းသိမ်းထားတာ သတင်းထုတ်ပြန်တာကြောင့် သူတို့တက်လာတာပါ။ လက်နက် ၄ လက်ရတယ်။ စိန်ပြောင်းတစ်လက်နဲ့ သေနတ် ၃ လက် သိမ်းဆည်းရရှိတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ပြောဆိုသည်။