29 C
Yangon

မြစ်ခြေမြို့ကို စစ်ရဟတ်ယာဉ်ဖြင့် မီးလောင်ဗုံးများ ကျဲချမှုကြောင့် နေအိမ်များ မီးလောင်ပြာကျ၊ စစ်တပ်က ကျေးရွာများကို ဝင်ရောက်စီးနင်းပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး ၅၀ ဦး ဖမ်းဆီးခံရကာ ၈ ဦးပျောက်ဆုံးနေ

Must read

မြစ်ခြေမြို့ကို စစ်ရဟတ်ယာဉ်ဖြင့် မီးလောင်ဗုံးများ ကျဲချမှုကြောင့် နေအိမ်များ မီးလောင်ပြာကျ၊ စစ်တပ်က ကျေးရွာများကို ဝင်ရောက်စီးနင်းပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး ၅၀ ဦး ဖမ်းဆီးခံရကာ ၈ ဦးပျောက်ဆုံးနေ

ရန်ကုန်၊ အောက်တိုဘာ ၁၄

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ကို စစ်ရဟတ်ယာဉ်ဖြင့် မီးလောင်ဗုံးများ ကျဲချ တိုက်ခိုက်ခဲ့သဖြင့် နေအိမ် ၈ လုံးပြာကျသွားခဲ့ပြီး စစ်တပ်စစ်ကြောင်းက ကျေးရွာများကို ဝင်ရောက်စီးနင်း ပစ်ခတ်သောကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၂ ရက်နေ့ ပခုက္ကူဘက်မှ လာသည့် စစ်ကား ၁၈ စီးပါ ယာဉ်တန်းသည် မြစ်ခြေမြို့ရှိ အကြမ်းဖက် စစ်တပ်၏ BPIတပ်သို့ ရိက္ခာလာရောက် ပို့ဆောင်ခဲ့ကြောင်း၊ အဆိုပါ စစ်ယာဉ်တန်း တိုက်ခိုက်ခံရမည်ကို စိုးရိမ်သောကြောင့် အကြမ်းဖက် စစ်တပ်က Mi – 35 ရဟတ် ယာဉ် ၂ စီးဖြင့် မြစ်ခြေမြို့ကို ပစ်ခတ် တိုက်ခိုက်ပြီး လမ်းကြောင်းရှင်းလင်းခဲ့ကြောင်း၊ ဒုတိယ အကြိမ် တိုက်ခိုက်မှုတွင် စစ်တပ်က မီးလောင်ဗုံးများပါ အသုံးပြုတိုက်ခိုက်ခဲ့ပြီး အိုင်ရှည်တောင်ရပ်ကွက်ရှိ နေအိမ် ၈ လုံးပြာကျခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်တပ် ရိက္ခာကား ၁၈ စီး၏ လုံခြုံရေးအတွက် ဖလံအိုရွာဘက်မှ အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းနှင့် အောင်သာဘက်မှ အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းတို့ကလည်း လိုက်ပါ ဝန်းရံခဲ့ကြောင်း၊ စစ်တပ်စစ်ကြောင်းက ချိုင်ရွာအနီးရှိ တောထဲမှ တောင်သူများကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခဲ့ကြောင်း၊ ထို့ပြင် စစ်တပ်က မြစ်ခြေမြို့ အိုင်ရှည်တောင်ရပ်ကွက်ထဲသို့ ဝင်ရောက် စီးနင်းခဲ့ကာ ရပ်ကွက်အတွင်းရှိ လမ်းပေါ်တွင် တွေ့သော ပြည်သူအားလုံးကို ဖမ်းဆီးခဲ့သောကြောင့် ပြည်သူ ၅၀ ထက်မနည်း အိုင်ရှည်တောင်ရပ်ကွက် ကိုးဆောင် ဘုန်းကြီး ကျောင်းထဲတွင် ဖမ်ဆီးခံခဲ့ရကြောင်း သိရသည်။

စစ်တပ်၏ ပစ်ခတ်မှုများကြောင့် အသက် ၃၅ နှစ် မသင်းသင်းချို ခြေထောက်တွင် လက်နက်ကြီး ကျည်ထိမှန်၍ ဒဏ်ရာရရှိခဲ့ပြီး သောင်းနှင့်ချီသော ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ ပြည်သူများလည်း လက်ရှိချိန်အထိ မြို့ထဲ ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိသေးကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားသူများထဲမှ ပြည်သူ ၈ ဦးပျောက်ဆုံးနေကြောင်း သိရှိရသည်။

“စစ်ခွေးတွေက BPI တပ်ကို ၅ လစာ ရိက္ခာပို့ဖို့ စစ်ကား ၁၈ စီးနဲ့လာတာကို လမ်းတလျောက် တိုက်ခိုက်ခံရမှာစိုးရိမ်လို့ လမ်းကြောင်းကို Mi-35 နဲ့ ပစ်ခတ် ရှင်းလင်းတာ။ မြစ်ခြေမြို့ကို ဖလံအို ရွာဘက်နဲ့ အောင်သာဘက်ကိုလည်း အင်အား ၃၀၀ လောက်ပါတဲ့ စစ်ကြောင်းကလည်း ဝင်စီးသေးတယ်။ စစ်ခွေးတွေက သေနတ်တွေ ဖောက်ပြီး သူပုန်တွေလို မြို့ကို ဝင်စီးတော့ တစ်မြို့လုံး နီးပါးကို ထွက်ပြေးရတာ ရပ်ကွက်ထဲမှာ တွေ့တဲ့သူ အကုန်ဖမ်းတယ်။ လူ ၅၀ လောက်ဖမ်းခံရတယ်။ ဖမ်းဆီးခံရသူတွေ ပြန်လွတ်လာပေမယ့် ပြည်သူ ၈ ဦး ပျောက်ဆုံးနေတယ်။ ရဟတ်ယာဉ်တွေကလည်း ၂ ကြိမ်တောင် လာပစ်တာ ဒုတိယ အကြိမ် ပစ်ခတ်မှုမှာ မီးလောင်ဗုံးတွေပါ ပါတယ်။ နေအိမ် ၈ လုံးပြာကျသွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

စစ်တပ်က မြစ်ခြေမြို့ရှိ သုခရိပ်မွန် ပုဂ္ဂလိက ဆေးခန်းကိုလည်း ဝင်ရောက် စီးနင်းခဲ့ပြီး ဆေးကုသမှု ခံယူနေသော လူနာများနှင့်ဝန်ထမ်းများ၏ ဖုန်း နှင့် ပိုက်ဆံများ အပြင် ဆေးဝါးများကိုလည်း လုယက် ယူဆောင်သွားကြောင်း သိရသည်။

“စစ်ခွေးတွေက သုခရိပ်မွန် ဆေးခန်းကိုလည်း ဝင်ရောက် စီနင်းတယ်။ အဲဆေးခန်းက တနယ်လုံး အားထားနေရတဲ့ ပုဂ္ဂလိက ဆေးခန်းပါ။ အဲဒီဆေးခန်းက မွေးလူနာ ကိုယ်ဝန်ဆောင် ကလေးသူငယ်တွေကို ဦးစားပေးကုသတဲ့ ဆေးခန်းပါ။ အဲတာကို စစ်ခွေးတွေက PDF တွေဆေးကု ပေးတယ်ထင်ပြီး ဝင်စီးတာပါ။ သံတံခါးတွေကို ရိုက်ဖွင့်ပြီး မှန်တွေ တံခါးတွေပါ ခွဲပြီးဝင်စီးတာ ဆရာဝန်က အရေးပေါ် ကိုယ် ဝန်ဆောင်ကို ခွဲမွေးပေးနေရတဲ့အချိန်ကြီး ဝင်စီးတာ စစ်ခွေးတွေက လူနာ အခန်းတိုင်ကို လိုက်ပြခိုင်းပြီး ကလေးမွေး လူနာတွေပဲ တွေ့ရတော့ လူနာတွေဆီက ပိုက်ဆံအိတ်တွေ ဖုန်းတွေ ဆေးခန်းက ဝန်ထမ်းတွေရဲ့ ဖုန်းတွေ ပိုက်ဆံတွေကို စစ်သားတွေက အကုန်ယူသွားတယ်တယ်။ ဆေးခန်းက ပိုက်ဆံ ၁၅ သိန်း လူနာတွေဆီက ပိုက်ဆံဘယ်လောက်ပါသွားတယ်ဆိုတာတော့ မသိရဘူး။ ဖုန်းက ၁၅ လုံးကောင်တာထဲက ဆေးဝါးတွေ အကုန်သိမ်းယူသွားပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိအချိန်အထိ မြစ်ခြေမြို့ပေါ်မှ ပြန်လည် ဆုတ်ခွာခြင်းမရှိသေးဘဲ ဒေသပြည်သူများလည်း မြို့ကို စစ်တပ်က ထပ်မံ၍ ဖျက်ဆီးမည်ကို စိုးရိမ်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article