ထားဝယ်မြို့ ကမ်းနားလမ်းနှင့် မန္တလေးမြို့ စိန်ပန်းရပ်ကွက်တွင် ဆီသင်္ဘောနှင့် ကုန်ပစ္စည်းတင် သင်္ဘောများ မီးလောင်
ရန်ကုန်၊ အောက်တိုဘာ ၁၄
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ကမ်းနားလမ်းတွင် ဆီသင်္ဘောများ မီးလောင်ပြီး ပေါက်ကွဲသံ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ထားဝယ်မြို့ ကမ်းနားလမ်း၌ ဆီတင်ထားသော သင်္ဘောများ မီးလောင်လောက်ကွဲပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကာ လက်ရှိချိန်တွင် မီးသတ်ကားများဖြင့် မီးငြိမ်းသတ်နေကြောင်း သိရသည်။
“ထားဝယ်မြို့ ကမ်းနားလမ်း ကာစတန်ဘောဘက်မှာ စစ်ခွေးတွေ လက်နက်ကြီးထိုင်ထားတဲ့နေရာဘက်မှာ ဆီသင်္ဘောတွေ လှေတွေ မီးလောင်နေတာပါ။ လောင်းလုံးဘက်ကို ရောက်နေတဲ့ စစ်ခွေး စစ်ကြောင်းကို ပစ်ကူပေးရင်း လက်နက်ကြီးပြန်ကျတာလား။ ဘာကြောင့် မီးလောင် ပေါက်ကွဲတယ်ဆိုတာတော့ မသိရသေးဘူး” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။
လက်ရှိချိန်တွင် ဆီသင်္ဘောများ မီးလောင်နေသည့် နေရာကို အကြမ်းဖက် စစ်ကောင်စီတပ်သားများ ရောက်ရှိနေပြီး လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်းသိရသည်။
အလားတူ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ဂေါဝန်ဆိပ်ကမ်းတွင် ဆန်၊ ဘိလပ်မြေနှင့် ထုံးများ တင်ဆောင်ထားသည့် ကုန်ပစ္စည်းတင် သင်္ဘော ၁ စီး မီးလောင်ခဲ့ကြောင်း သိရသည်။
ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်ခန့်တွင် အဆိုပါ ကုန်ပစ္စည်းတင် သင်္ဘောကို ဂဟေဆော်ရာမှ မီးလောင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။