စစ်တွေနှင့်သံတွဲတွင် စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်သဖြင့် သံဃာ ၁ ပါး အပါအဝင် ပြည်သူ ၅ ဦးဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ဆိုင်ကလုန်းမုန်တိုင်းကာကွယ်ရေး အဆောက်အအုံများ ပျက်စီး
ရန်ကုန်၊ အောက်တိုဘာ ၂၈
ရခိုင်ပြည်၊ စစ်တွေနှင့်သံတွဲတွင် စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်သဖြင့် သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၅ ဦးဒဏ်ရာရရှိပြီး အဆောက်အအုံများ ပျက်စီးကြောင်း ရခိုင်ဒေသသတင်းရင်းမြစ်များ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။
အောက်တိုဘာလ ၂၆ ရက်နေ့ ည ၈ နာရီ ၃၅ မိနစ်အချိန် စစ်တွေမြို့ ညိုရောင်ကျေးရွာရှိ စစ်ရေးနှင့် လုံး၀ မသက်ဆိုင်သော ဆိုင်ကလုန်းမုန်တိုင်း ကာကွယ်ရေး အဆောက်အအုံကို လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် ဆိုင်ကလုန်းကာကွယ်ရေး အဆောက်အုံ ပျက်စီးပြီး ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ရခိုင်ဒေသသတင်းရင်းမြစ် Arakan Princess Media က သတင်းဖော်ပြသည်။
အလားတူ အောက်တိုဘာလ ၂၆ ရက်နေ့ ည ၉ နာရီအချိန် စစ်တွေအခြေစိုက် ခမရ ၃၄၄ တပ်ရင်းက ပုဏ္ဏားကျွန်းမြို နယ်၊ကွမ်းတောင်ရွာနှင့် စပါးထားရွာတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
ထို့အတူ အောက်တိုဘာ ၂၅ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ်အချိန် သံတွဲမြို့ နယ်၊ ဆင်ခေါင်းရွာနှင့် ခမောင်းတုန်းရွာရိုကို စစ်ကောင်စီ၏ တိုက်လေယာဉ် ၁ စီးက ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဆင်ခေါင်းရွာ အထက်တန်း ကျောင်းနှင့် ခမောင်းတုန်းရွာဘုန်းကြီးကျောင်း ပြိုကျပျက်စီးခဲ့ကြောင်း၊ ခမောင်းတုန်းကျေးရွာ ကျောင်းထိုင်ဆရာတော်အရှင် ဉာဏိကမှာ ဒဏ်ရာရရှိကြောင်း သိရှိရသည်။