30 C
Yangon

ကန့်ဘလူ-ရေဦး-ခင်ဦး နယ်စပ်ကို စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီး၊ စစ်ကောင်စီ တပ်သားများက ဒရုန်းဖြင့် ကျေးရွာများကို ဆက်တိုက် ဗုံးကျဲနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ

Must read

ကန့်ဘလူ-ရေဦး-ခင်ဦး နယ်စပ်ကို စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီး၊ စစ်ကောင်စီ တပ်သားများက ဒရုန်းဖြင့် ကျေးရွာများကို ဆက်တိုက် ဗုံးကျဲနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ

ရန်ကုန်၊ အောက်တိုဘာ ၃၀

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ၊ ရေဦးမြို့နယ် နှင့် ခင်ဦးမြို့နယ် အစပ်ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး၍ ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးနေပြီး စစ်ကောင်စီ တပ်သားများက ဒရုန်းဖြင့် ကျေးရွာများကို ဆက်တိုက် ဗုံးကျဲနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ကာဘိုးရွာတွင် အထိုင်ချထားသော အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အိုင်ပေါင်းရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ကျီစုရွာနှင့် ကျောက်တိုင်ရွာများကို ဆက်တိုက် စီးနင်း မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများကို ဝင်ရောက် စီးနင်းမှု မပြုလုပ်မီ ဒရုန်းများဖြင့် ရွာထဲကို ကျချ တိုက်ခိုက်ပြီး မြေပြင်မှ ပစ်ခတ် ဝင်ရောက် စီးနင်းနေခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ကျီစုရွာ ၊ ကျောက်တိုင်ရွာ ၊ ပင်စိမ်းခင်းရွာ နှင့် မုံလှရွာ တို့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံထားရပြီး ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက် လာသောကြောင့် လက်ရှိချိန်တွင် ကန့်ဘလူ-ရေဦး-ခင်ဦး နယ်စပ်ရှိ အိုင်ပေါင်းချောင်ရွာ၊ အောင်ချမ်းသာရွာ ၊ ယင်းတိုက်ရွာ ၊ ကျောက်တိုင်ရွာ ၊ ကျီစုရွာ ၊ ပင်စိမ်းခင်းရွာ နှင့် မုံလှရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း သိရှိရသည်။

“ဒီစစ်ကြောင်းက ဒီနေ့ မနက် ကန့်ဘလူနယ် ထန်းကုန်းဘက်ကနေ ကားကြီး ၄ စီးနဲ့ ကာဘိုးကို ဝင်ရောက်လာတယ်လို့ သိရတယ်။ ကာဘိုးကို ရောက်ပြီး အခုလို စစ်ကြောင်းစထိုးလာတာ တိုက်ခိုက်ရေး ဒရုန်းတွေနဲ့ လက်နက်ကြီးတွေလည်း ပါလာတယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးတွေက အစ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်။ ကျီစုရွာကို ဒရုန်းနဲ့ ဗုံးကျဲပြီး ဝင်ရောက် စီးနင်းတာပဲ မွန်းလွဲပိုင်းမှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်။ နောက်ပြီး ခွေးစစ်ကြောင်းက ပင်စိမ်းခင်းရွာကို ဒရုန်းဗုံးကျဲပြီး ထပ်မံဝင်ရောက်စီးနင်းတယ်။ အဲကနေ တစ်ဆင့် ကျောက်တိုင်ရွာကိုလည်း ဒရုန်းနဲ့ ဗုံးကျဲပြီး ပြည်ပိုင်‌နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်။ ကျောက်တိုင်ရွာကနေပြီး မုံလှရွာ ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းပေါ်ကိုလည်း ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်တယ်။ ဘုရားကျောင်းက ခေါင်းလောင်းစင်လည်း တဝက်ထိထားတယ်လို့ ကနဦးကြားသိရပြီး ကျောင်းဆောင်လည်း ထိမှန်ပျက်စီးတာတွေရှိတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်အား ၁၅၀ ခန့်ပါဝင်ပြီး လက်ရှိချိန်ထိ ကျောက်တိုင်ရွာထဲ၌ တပ်စွဲထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article