32 C
Yangon

ဘီလူးချောင်း ရေအားလျှပ်စစ်ထုတ်စက်ရုံ အပါအဝင် ရေအားလျှပ်စစ်စက်ရုံ ၉ ခု မလည်ပတ်နိုင်သဖြင့် ဓာတ်အားရရှိမှု အလွန်လျော့နည်းနေပြီး လျှပ်စစ်မီးများ အချိန်ပိုမို ကြာမြင့်စွာ ပြတ်တောက်မည်၊ တစ်နိုင်ငံလုံး ဓာတ်အားလိုအပ်ချက်၏ ၄၆ ရာခိုင်နှုန်းသာ ထုတ်နိုင်

Must read

ဘီလူးချောင်း ရေအားလျှပ်စစ်ထုတ်စက်ရုံ အပါအဝင် ရေအားလျှပ်စစ်စက်ရုံ ၉ ခု မလည်ပတ်နိုင်သဖြင့် ဓာတ်အားရရှိမှု အလွန်လျော့နည်းနေပြီး လျှပ်စစ်မီးများ အချိန်ပိုမို ကြာမြင့်စွာ ပြတ်တောက်မည်၊ တစ်နိုင်ငံလုံး ဓာတ်အားလိုအပ်ချက်၏ ၄၆ ရာခိုင်နှုန်းသာ ထုတ်နိုင်

ရန်ကုန်၊ နိုဝင်ဘာ ၂

ကရင်နီရှိ ဘီလူးချောင်းလောပိတရေအားလျှပ်စစ်စက်ရုံများ အပါအဝင် နိုင်ငံတစ်ဝန်းရှိ ရေအားလျှပ်စစ်စက်ရုံ ၉ ခု မလည်ပတ်နိုင်သဖြင့် တစ်နိုင်ငံဓာတ်အားထုတ်လုပ်မှု အလွန်လျော့နည်းနေပြီး လျှပ်စစ်မီးများ အချိန်ပိုမို ကြာမြင့်စွာ ပြတ်တောက်မည်ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနထံမှ သိရှိရသည်။

စက်တင်ဘာလနှင့်အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုများကြောင့် ဘီလူးချောင်းလောပိတ ရေအားလျှပ်စစ်စက်ရုံများ၊ ရွှေလီရေအားလျှပ်စစ်ထုတ်စက်ရုံ၊ ပေါင်းလောင်းရေအားလျှပ်စစ်ထုတ်စက်ရုံများတွင် ရေအားလျှပ်စစ်ထုတ်လုပ်သည့် စက်များ ရေဝင်ပျက်စီးခြင်း၊ ရေအားလျှပ်စစ်ထုတ်စက်ရုံများတွင် ရေကြီးမှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါ ပျက်စီးမှုများကို ယခုအချိန်အထိ မပြင်ဆင်နိုင်သေးဘဲ ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းများ ရပ်နားထားရကြောင်း သိရှိရသည်။

“ဘီလူးချောင်း ရေကြီးတော့ လောပိတ ဘီလူးချောင်း ရေအားလျှပ်စစ်ထုတ်တဲ့ စက်ရုံတွေအထိ ရေဝင်တယ်။ ရေတွေကြီးတော့ စက်တွေ အကုန်ပျက်ကုန်တယ်။ ရေဝင်ထားလို့။ အဲဒီလိုပဲ အခြား ရေအားလျှပ်စစ်ထုတ်လုပ်ရေး စက်ရုံတွေလည်း သဘာ၀ဘေးအန္တရာယ်ဖြစ်တဲ့ ရုတ်တရက်ရေကြီးမှုတွေကြောင့် ပျက်စီးမှုတွေ အတော်များပါတယ်။ အဲဒါကြောင့် စက်ရုံတွေက စက်အပြည့် မလည်နိုင်သလို ရေအားက လျှပ်စစ် အပြည့်မထုတ်နိုင်ဘူး။ ပုံမှန် မိုးတွင်းကာလ ဆည်မှာ ရေရရင် ရေအားလျှပ်စစ်ပိုတိုးထွက်ပေမယ့် ဒီနှစ်က သဘာ၀ဘေးကြောင့် ရေအားလျှပ်စစ်စက်ရုံတွေ ပျက်စီးမှုတွေ အများကြီးကြုံရတယ်။ အဲဒါတွေကို ပြင်ဆင်ဖို့ကလည်း အချိန် တိုအတွင်း မပြီးနိုင်ဘူး။ တချို့ စက်ပစ္စည်းတွေက လဲလှယ်မှရမယ့် အခြေအနေမျိုးဖြစ်တော့ ဘတ်ဂျက်တင်ပြစောင့်ရတာမျိုးတွေနဲ့ Process တွေ ကရှိတော့ အလွယ်တကူတော့ မပြင်နိုင်သေးဘူး။ အလှည့်ကျနဲ့ အခု မီးထိန်းပေးနေပေမယ့် မီးပြတ်တာ အချိန်ပိုကြာပါလိမ့်မယ်” ဟု လျှပ်စစ်ဝန်ကြီးဌာနမှ သတင်းရင်းမြစ်က ရှင်းပြသည်။

လက်ရှိ တစ်နိုင်ငံလုံးတွင် ပြည်သူများကို ၄ နာရီ မီးပေး၊ ၄ နာရီ မီးဖြတ်စနစ်ကို ကျင့်သုံးပြီး စက်မှုဇုန်များတွင်မူ တစ်ရက်လျှင် ၄ နာရီသာ မီးပေးတော့ ကြောင်း၊ ထိုသို့ လျှပ်စစ်ဓာတ်အား လျှော့ချပေးနေသော်လည်း ရရှိနေသော ဓာတ်အားမှာ အလွန်နည်းပါးနေသဖြင့် လာမည့်ရက်ပိုင်းအတွင်း အခြေအနေ မီးပြတ်တောက်မှုများ အခြေအနေ ပိုမိုဆိုးဝါးလာနိုင်ကြောင်း သိရှိရသည်။

တစ်နိုင်ငံလုံး တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၅၄၄၃ မဂ္ဂါဝပ်ရှိပြီး လက်ရှိတွင် တစ်ရက်လျှင် ၂၅၀၀ မဂ္ဂါဝပ်ဝန်းကျင်သာ ထုတ်လုပ်နိုင်ကြောင်း၊ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားလိုအပ်ချက်၏ ၄၆ ရာခိုင်နှုန်းကိုသာ ဓာတ်အား ထုတ်လုပ်နိုင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အောက်တိုဘာလ ၁ ရက်နေ့ ရေကြီးနေသော ဘီလူးချောင်း ဓာတ်အားပေးစက်ရုံကို စစ်ကောင်စီအဖွဲ့ဝင်များ သွားရောက်စစ်ဆေးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article