ကျိုက်ထိုတွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၄ ဦးသေဆုံး၊ စစ်တပ် ၏ ပစ်ခတ်မှုကြောင့် နေအိမ်များနှင့်ဘုန်းကြီးကျောင်း ပျက်စီး
ရန်ကုန်၊ နိုဝင်ဘာ ၃
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် KNLA ဦးဆောင်သော တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၄ ဦးသေဆုံးကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ နိုဝင်ဘာလ ၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီအချိန် KNU ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသော အင်အား ၂၀၀ ပါ စစ်တပ်စစ်ကြောင်းကို KNLA ဦးဆောင်သော ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ၊ကျေးနယ်ကာကွယ်ရေးတပ်ဖွဲ့၊တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ရာ ၁ နာရီကျော်ခန့် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း လက်နက်ကြီး၊လက်နက်ငယ်များ အပြန်အလှန်ပစ်ခတ်ခဲ့ပြီး ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ဒရုန်းလက်ရုံးတပ်ကလည်း ဒရုန်းများဖြင့် ဗုံးများကျဲချခဲ့ကြောင်း သိရှိရသည်။
တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ၄ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာ ပြင်းထန်ကြောင်း၊ စစ်ကောင်စီက ဖောကားများဖြင့် သေဆုံးနှင့်ဒဏ်ရာရ စစ်သားများကို ခေါ်ဆောင်သွားကြောင်း၊ လက်ရှိအချိန်အထိ စစ်ရေး တင်းမာလျက်ရှိကြောင်း သိရှိရသည်။
“လက်နက်ခဲယမ်းက အင်အားမရှိတော့ စစ်အင်အားမမျှတဘဲ ပစ်ရတော့ အချိန်အတိုင်းတာ တစ်ခုထိပဲ အချိန်ဆွဲ ပစ်ခတ်နိုင်ခဲ့တယ်” ဟု ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိန်းက ရှင်းပြသည်။
အဆိုပါတိုက်ပွဲတွင် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် အနီးအနားရှိ ကျေးရွာသို့ ကျရောက်ပြီး နေအိမ်တစ်လုံး၊ ဘုန်းကြီး ကျောင်း ဇရပ်တစ်ခုတို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့။