တံတားဦးမြို့တွင် စစ်တပ်မှ ဗိုလ်မှူးသန်းနိုင်ဦး ဦးဆောင်၍ အမျိုးသမီးများ အပါအဝင် ပြည်သူ ၇၀ ခန့်ကို ပေါ်တာဆွဲဖမ်းဆီးပြီး လက်ပြန်ကြိုးတုပ်၍ ခေါ်ဆောင်သွား
မန္တလေးတိုင်း၊ တံတားဦးမြို့တွင် အကြမ်းဖက် စစ်တပ်မှ ဗိုလ်မှူးသန်းနိုင်ဦး ဦးဆောင်၍ အမျိုးသမီးများ အပါအဝင် ပြည်သူ ၇၀ ခန့်ကို ပေါ်တာဆွဲဖမ်းဆီးပြီး လက်ပြန်ကြိုးတုပ်၍ ခေါ်ဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၇ နာရီခန့်က စတင်၍ တံတားဦးမြို့တွင် အကြမ်းဖက် စစ်တပ်မှ ဗိုလ်မှူးသန်းနိုင်ဦး ဦးဆောင်၍ စစ်ကောင်စီ တပ်သားများက အမျိုးသမီးများ အပါအဝင် ပြည်သူ ၇၀ ခန့်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တံတားဦးမြို့အနီးရှိ သင်းပန်းကျေးရွာလမ်း၊ လက်ဆောင်ယူကျေးရွာလမ်းနှင့် အင်းဝမြို့ဟောင်းသွားသည့် လမ်းပိုင်းများတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသော ပြည်သူများကို လက်ပြန်ကြိုးတုပ်၍ ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
“တံတားဦးမြို့မှာ ဒီနေ့ ပေါ်တာဆွဲတာ ကြမ်းနေပါတယ်။ လူ ၇၀ လောက်ပါတယ်။ ခါတိုင်းလို မကျီးတောရွာထိပ် တစ်နေရာထဲမှာ ထိုင်ပြီးဆွဲတာ မဟုတ်ဘဲ တံတားဦးမြို့ ပတ်ဝန်းကျင်ဘက်တွေမှာ နေရာပြောင်းပြီး လိုက်ဆွဲနေတာပါ။ ဖမ်းမိတဲ့လူတွေကိုလည်း ခါတိုင်းလိုခေါ်တာမဟုတ်ဘဲ ထွက်မပြေးနိုင်အောင် ကြိုးတုပ် ဖမ်းဆီးပြီး ခေါ်ဆောင်သွားတာပါ။ ဖမ်းဆီးပေါ်တာဆွဲခံရတဲ့အထဲမှာ အမျိုးသမီး ၂ ဦးလည်း ပါသွားပါတယ်။ ဒီနေ့မနက် ၇ နာရီခန့်က စပြီး ဖမ်းတာပါ။ ဒီနေ့တစ်ရက်ထဲတင် ၇၀ လောက်ပါသွားတယ်။ အခုက အမျိုးသမီးတွေပါ ပေါ်တာဆွဲနေတာပါ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။