စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲချ
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲချသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန် စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ရွာကို တိုက်လေယာဉ်ဖြင့် တိုက်ခိုက်ခြင်း၊ ရော့ကတ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် စာသင်ကျောင်း၊ဘုန်းကြီးကျောင်းများပျက်စီးပြီး အိမ်မွေး နွားသုံးကောင်သေဆုံးကြောင်း၊ လူထိခိုက်မရှိကြောင်း၊ စစ်ကောင်စီက နေ့စဉ်လိုလို တိုက်လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ ဒရုန်းများဖြင့် ဗုံးကျဲခြင်းများကို ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရှိရသည်။
“စစ်တပ်က နေ့တိုင်းလိုလို ပြည်သူတွေကို ဗုံးကျဲတိုက်ခိုက်နေတယ်။ ဟိုတစ်နေ့က လက်ပာယ်တောရွာ ဗုံးကျဲခံရတယ်။ လူ ၆ယောက်ထိတယ်။ နွားတွေသေတယ်။ နေအိမ် ၂လုံး မီးလောင်တယ်။ နေ့တိုင်းလာကျဲနေတာ။ စစ်ခွေးတွေက ဒရုန်းနဲ့ ချလိုက် ၊၆၀ နဲ့ပစ်လိုက် ဖြစ်နေတာကြာပါပြီ။ အခုက လေယာဉ်နဲ့ပါ ချနေတယ်။ တိုက်ပွဲမရှိတာ ကြာပါပြီ။ မြေပြင်စစ်ကြောင်းလည်း မထိုးတာကြာပြီ။ မြစ်ရေကြီးပြီးကတည်းက လမ်းပမ်းဆက်သွယ်ရေး ရေတစ်၀က်ကုန်းတစ်၀က်ဖြစ်တဲ့ရွာတွေကိုပါ စခတွေက အကြောင်းမဲ့ လုပ်နေတာ ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
စစ်ကိင်းမြို့နယ်အတွင်း ကျေးရွာများတွင် လက်ရှိ ပြည်သူများမှာ စစ်ဘေးရှောင်နေကြရာမှ မိမိတို့၏ နေအိမ်များသို့ ပြန်လည် နေထိုင်ကြပြီဖြစ်သော်လည်း လေကြောင်းတိုက်ခိုက်မှုများကို စိုးရိမ်နေကြရကြောင်း၊ စီးပွားရေးနှင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်နိုင်ခြင်းမရှိဘဲ စီးပွားရေးများ ကျပ်တည်းလျက်ရှိကြောင်း သိရှိရသည်။