မြင်းခြံမြို့နယ်တွင် စစ်မှုထမ်းရန် မဲနှိုက်နေသည့် လယ်သစ်ရွာ အုပ်ချုပ်ရေးမှူး နေအိမ်နှင့် စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံး
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်မှုထမ်းရန် မဲနှိုက်နေသည့် လယ်သစ်ရွာ အုပ်ချုပ်ရေးမှူး နေအိမ်နှင့် စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Myingyan District Drone Strike -MDDS အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် မြင်းခြံမြို့နယ် လယ်သစ်ကျေးရွာအုပ်စု လယ်သစ်ကျေးရွာတွင် စစ်မှုထမ်းရန် မဲနှိုက်နေသည့် အုပ်ချုပ်ရေးမှူး ငမင်း နေအိမ်နှင့် စစ်တပ် ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“အဲတိုက်ခိုက်မှုက ပျူခွေး ၁ ကောင်သေပြီး ၃ ကောင် အပြင်းအထန် ဒဏ်ရာရတယ်။ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု Myingyan District Drone Strike -MDDS အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့ (MDDS) နှင့် မဟာမိတ်အဖွဲ့များဖြစ်ကြသော မြင်းခြံခရိုင် အမှတ် ၄ – ၁၀ တပ်ရင်း၊ ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့ Team -2 ၊ ရွှေခြံသား ပြောက်ကျား တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။