23 C
Yangon

ICC ခုံရုံးက ဖမ်း၀ရမ်းထုတ်လာပါက ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ အခြေအနေများနှင့် တုံ့ပြန်သင့်သည့် နည်းလမ်းများ၊ ဥပဒေဆိုင်ရာ သုံးသပ်ချက် စာတမ်းကို မင်းအောင်လှိုင်က အမြန်ဆုံး တင်ပြရန် ညွှန်ကြား

Must read

ICC ခုံရုံးက ဖမ်း၀ရမ်းထုတ်လာပါက ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ အခြေအနေများနှင့် တုံ့ပြန်သင့်သည့် နည်းလမ်းများ၊ ဥပဒေဆိုင်ရာ သုံးသပ်ချက် စာတမ်းကို မင်းအောင်လှိုင်က အမြန်ဆုံး တင်ပြရန် ညွှန်ကြား

ရန်ကုန်၊ နိုဝင်ဘာ ၃၀

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ၎င်းအပေါ် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က ဖမ်း၀ရမ်းထုတ်လာပါက ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ အခြေအနေများနှင့်ပတ်သက်ပြီး ဥပဒေရေးရာ ကျွမ်းကျင်သူများထံမှ သုံးသပ်ချက် စာတမ်း အမြန်ဆုံး တင်ပြရန် ညွှန်ကြားထားကြောင်း နေပြည်တော်သတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ ICC ရှေ့နေချုပ်က အကြမ်းဖက် မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ပေးရန် ICC တရားရုံးကို တင်ပြ လျှောက်ထားခဲ့ကြောင်း၊ အဆိုပါ သတင်းထွက်ပေါ်လာချိန်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ICC တရားရုံးက ဖမ်း၀ရမ်းထုတ်လာလျှင် ဖြစ်ပေါ် လာနိုင်သော အခြေအနေများ၊ ICC တရားရုံး၏ လုပ်ဆောင်ချက်များ၊ အခြားသော နိုင်ငံများမှ ခေါင်း ဆောင်များကို ICC က တရားစွဲ ခဲ့သည့် အခြေ အနေများ၊ ICC တရားရုံး သဘောသဘာ၀နှင့် သက်ရောက်လာနိုင်မှုများ စသည့် နိုင်ငံတကာ အခြေအနေများ အားလုံးကို သုံးသပ်ထားသည့် စာတမ်းများ အမြန်ဆုံးနှင့် ပြည့်ပြည့်စုံစုံ တင်ပြရန် ဥပဒေရေးရာ ကျွမ်းကျင်သူများကို ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ICC တရားရုံး၏ ဖမ်း၀ရမ်းအပေါ် မည်သို့ တုံ့ပြန်သင့်သည်ဆိုသော နည်းလမ်းများနှင့် ဥပဒေဆိုင်ရာအမြင်သဘောထားများကိုလည်း စာတမ်းတွင် တစ်ပါတည်း ထည့်သွင်းဖော်ပြပေးရန် အမိန့်ပေးထားကြောင်း သိရှိရသည်။

အခြားတစ်ဖက်တွင်လည်း ICC ၏ လုပ်ဆောင်ချက်များကို မြန်မာနိုင်ငံအနေဖြင့် အသိအမှတ်မပြုဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သော်လည်း လက်တွေ့တွင်မူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖြစ်ပေါ်လာနိုင်သော အခြေအနေများအပေါ် အလွန် စိတ်ပူပန် စိုးရိမ်သည့် အခြေအနေ မြင်တွေ့ရကြောင်း သိရှိရသည်။

စစ်အာဏာသိမ်း​ပြီးနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ကလည်း မင်းအောင်လှိုင်က လျှို့ဝှက် ညွှန်ကြားချက် တစ်စောင် ထုတ်ပြန်ခဲ့ဖူးပြီး အဆိုပါ ညွှန်ကြားချက်တွင် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ၊ အာဂျင်တီးနား တရားရုံး အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ပေးပို့လာသော အကြောင်းကြားစာ၊ ဖမ်းဆီးမိန့်၊ ဖမ်း၀ရမ်းနှင့်ဆင့်ခေါ်စာများကို လုံး၀ လက်ခံခြင်း မပြုရန် ထုတ်ပြန်ခဲ့ပြီး အဆိုပါ လျှို့ဝှက်ညွှန်ကြားချက်ကို ယင်းအချိန်က ရန်ကုန်ခေတ်သစ်က သတင်းဖော်ပြခဲ့သည်။

ထိုကာလ ရန်ကုန်ခေတ်သစ်သတင်းဌာန၏ အဆိုပါ လျှို့ဝှက် ညွှန်ကြားချက်နှင့်ပတ်သက်သော သတင်းဖော်ပြမှုကြောင့် စစ်ကောင်စီက တရားရေးဌာနမှ အရာရှိတချို့ကို ရာထူးမှ ဖြုတ်ပယ်ပြီး နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုဖြင့် ထောင်သွင်းအကျဉ်းချထားခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article