အာဏာရှင်ဟောင်း သန်းရွှေ သမက်၊ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် အပါအဝင် စစ်အာဏာရှင် ဆန့်ကျင်ရေး လူမှုကွန်ရက်တွင် ရေးသားသူ စုစုပေါင်း ၁၈၄၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးထား
စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုများနှင့် တော်လှန်ရေး အဖွဲ့အစည်းများကို ထောက်ခံအားပေးသည့် ရေးသားမှုများ၊ ပြောဆို ဆက်သွယ်မှုများကြောင့် ဖမ်းဆီးခံရသူ ၁၈၄ဝ ဦး ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အရေအတွက်မှာ၂၀၂၂ ခုနှစ်၊ ဖေဖော်ရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ကောက်ယူထားသော အချက်အလက်များဖြစ်ကြောင်း Data for Myanmar က ယနေ့ ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးမှုခံရသူများတွင် အာဏာရှင်ဟောင်း သန်းရွှေ၏ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်၊ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်တို့ကဲ့သို့သော အစိုးရနှင့် စစ်တပ်အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များလည်းပါဝင်ပြီး အရပ်သားပြည်သူအများစုက အဓိက ပါဝင်နေကြောင်း သိရှိရသည်။
ဖမ်းဆီးခံရသူ ၁၈၄၀ ဦးထဲတွင် ၈၉၆ ဦးက ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းဒေသက ဖြစ်ပြီး ၃၆ ရာခိုင်နှုန်းရှိသော အရေအတွက်မှာ အမျိုးသမီးများဖြစ်ကြောင်း အဆို ပါ အချက် အလက်များမှာ ပြည်တွင်းပြည်ပက မူဝါဒချမှတ်သူများအတွက် အထောက်အကူပြုရန် ရည်ရွယ်ကြောင်းလည်း Data for Myanmar က ဆိုသည်။
၂ဝ၂၂ နှင့် ၂ဝ၂၃ ခုနှစ်အတွင်း ဖမ်းဆီးခံရသူ ဦးရေ သိသိသာသာများခဲ့ပြီး ၂၀၂၄ ခုနှစ်ထဲမှာ ဖမ်းဆီးမှုများ လျော့ကျလာကြောင်းနှင့် ဩဂုတ်လကနေ အောက်တိုဘာလအတွင်း မြို့နယ် ၆၅ မြို့နယ်က အွန်လိုင်း အသုံးပြုသူ ၁၄၉ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလကုန်အထိ မြို့နယ်ပေါင်း ၂၂၃ တွင် ဖမ်းဆီးအရေးယူမှုများရှိခဲ့ပြီး ယင်းအထဲမှာ ပဲခူးမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ မြောက်ဥက္ကလာပ မြို့နယ်၊ မဟာအောင်မြေမြို့နယ်နှင့် ပြည်မြို့နယ်များကမူ အဖမ်းအဆီးများသော မြို့နယ်များဖြစ်ကြောင်း Data for Myanmar က ပြောသည်။
ဖမ်းဆီးခံရသူအများစုက Facebook ပေါ်မှာ ရေးသားမျှဝေမှုများကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး အခြား အွန်လိုင်း ပလက် ဖောင်းများဖြစ်သည့် Tik Tok, Telegram, Viber များပေါ်မှာတွင်လည်း ရေးသားမျှဝေခြင်းကြောင့် အဖမ်းခံရခြင်းလည်းပါဝင်ကြသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်း လူထုလှုပ်ရှားများအတွက် အရေးပါသော လူမှုကွန်ယက်နှင့် အွန်လိုင်းပလက်ဖောင်းများကို အကြောင်းအမျိုးမျိုးပြကာ ပိတ်ပင်ထိန်းချုပ်ထားသည်။
စစ်ကောင်စီက လူမှုကွန်ရက်မှတစ်ဆင့် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများပြုလုပ်ပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄ က နှင့် ပုဒ်မ ၅ဝ၅-က တို့ဖြင့် အရေးယူမည်ဖြစ်ပြီး အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) နှင့်လည်း တည်ဆဲဥပဒေများဖြင့် အရေးယူမည်ဟု စစ်ကောင်စီက ပြည်သူများကို ဆက် လက် ခြိမ်းခြောက်နေဆဲဖြစ်သည်။
ဓာတ်ပုံ- ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၊ ရဲစခန်းတွင် ဖမ်းဆီးခံခဲ့ရသော ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်။