ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် နိုင်ငံတကာ ပါတီမန်များ အဖွဲ့၊ ထိုင်းလွှတ်တော်နှင့် WHO တို့ ပူးတွဲ ပြုလုပ်သည့် Regional Conference ကို မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် CRPH တက်ရောက်
ရန်ကုန်၊ ဒီဇင်ဘာ ၇
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် နိုင်ငံတကာ ပါတီမန်များ အဖွဲ့၊ ထိုင်းလွှတ်တော်နှင့် WHO တို့ ပူးတွဲ ပြုလုပ်သည့် Regional Conference ကို မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH က တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Regional Conference ကို ဘန်ကောက်မြို့ရှိ Royal Orchid Hotel တွင် ဒီဇင်ဘာလ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) အတွင်းရေးမှူး ဦးထွန်းမြင့် ဦးဆောင်သော အဖွဲ့က တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဆွေးနွေးပွဲတွင် သက်ဆိုင်ရာ နိုင်ငံအလိုက် ကိုဗစ်ကာလအတွင်း ပြည်သူများကို ကျန်းမာရေးဆိုင်ရာ စောင့်ရှာက်မှုများကို တင်ပြဆွေးနွေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ကလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရအဖွဲ့လက်ထက်တွင် လူထုကို ဦးဆောင်ပြီး ကိုဗစ်ရောဂါ စောင့်ရှောက်ရေး ပြုလုပ်ခဲ့သည်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာသိမ်းမှုကြောင့် ဒေါ်အောင်ဆန်းကြည် လက်ထက်က ချမှတ်ခဲ့သော အစီအမံများ ဆက်လက် အကောင်အထည် ဖော်နိုင်ခြင်းမရှိတော့ကြောင်း တင်ပြဆွေးနွေးခဲ့သည်ဟု သိရသည်၊။
“ဒေါ်အောင်ဆန်းစုကြည်လက်ထက်တုန်းက ကိုဗစ် ၁၉ ကို ပြည်သူနဲ့အတူ ဘယ်လိုကျော်ဖြတ်ခဲ့တယ်ဆိုတဲ့ အကြောင်းနဲ့ ပြည်သူ့ရဲ့ ပူးပေါင်းပါဝင်မှုက ဘယ်လောက်ပဲ Pandemic ကြီးကြီး အရမ်းအရေးကြီးပြီး မြန်မာနိုင်ငံအနေနဲ့လည်း ပြည်သူ ပူးပေါင်းပါဝင်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည် ကာလမှာတော့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်ဆိုတဲ့ ဆွေးနွေးချက်မျိုးကို တင်ပြခဲ့တာရှိပါတယ်။ ကျန်တာကတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး Health နဲ့ ပတ်သက်တဲ့ ခေါင်းစဉ်မို့ သိပ်ပြီး တောင်းဆိုလို့ မရခဲ့ဘူး ။ ဒါပေမဲ့ Side meeting တွေမှာတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ရှင်းပြတာ ။ တချို့ မြန်မာအရေးသိပ်နားမလည်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ သံတမန်တွေကို သီးသန့် မီတင် တောင်းပြီး ရှင်းပြတာ လုပ်ခဲ့တယ်” ဟု မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခဲ့သည့် CRPH အဖွဲ့မှ ကိုယ်စားလှယ် တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ် အာဏာသိမ်းမှုကြောင့် ပြည်သူလူထု ကျန်းမာရေး အခြေအနေများ ဆက်လက် အကောင်အထည်မဖော်နိုင်ဘဲ လက်ရှိချိန်တွင် ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍ ပိုမိုဆိုးရွာလာသော အချက်အလက်များလည်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
“လောလောဆယ် တော်လှန်ရေးကာလဖြစ်တဲ့အတွက် ဒီဟာတွေဟာ ဘာမှ ထွေထွေထူးထူး သိပ်လုပ်မရဘူး ပုံစံမျိုးတော့ ရှိတယ်။ နောက်တစ်ခုကတော့ Universal health Coverage plan ပေါ့ ။ အဲဒီ plan ကို သူတို့ကလည်း တက်ရောက်တဲ့ နိုင်ငံတွေ အားလုံးကို လုပ်စေချင်တယ်။ ကျွန်တော်တို့ မြန်မာပြည်မှာလည်း ဒေါ်အောင်ဆန်းစုကြည် လက်ထက်က လုပ်တယ် UHC ကို။ Universal Health Coverage စနစ်ထဲကို ရောက်ဖို့ ကြိုးစားခဲ့တာရှိတယ်။ Plan တွေလည်း ဆွဲခဲ့တာ ရှိတယ်။ ဒါပေမဲ့ အာဏာသိမ်းမှုကြောင့် ဆက်ပြီးတော့ အကောင်အထည်မဖော်နိုင်ဘူး ။ အခုလည်း ပိုတောင်ဆိုးပြီးတော့ ပြည်သူလူထုရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍက အတော့်ကို အခြေအနေဆိုးဆိုးရွားရွားရှိနေတယ်ဆိုတဲ့ ပုံစံမျိုး။ ကျန်တဲ့ နိုင်ငံတွေကတော့ Health coverage စနစ်ထဲ ဝင်အောင် လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ဘာလုပ်နိုင်လဲ၊ လွှတ်တော်ထဲမှာ ဘယ်လိုဆုံးဖြတ်ချက်တွေ ချမလဲ၊ ဘယ်လို ပူးပေါင်းပါဝင်မလဲ အဓိက ထားပြီးတော့ ဆွေးနွေးကြတယ်။ ဖိတ်ကြားတဲ့ လူတွေကတော့ များသောအားဖြင့်က လွှတ်တော် ကိုယ်စားလှယ်တွေပဲ” မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခဲ့သည့် CRPH အဖွဲ့မှ ကိုယ်စားလှယ် တစ်ဦးက ဆက်လက် ပြောဆိုသည်။