27 C
Yangon

မင်းတုန်းမြို့နယ်တွင် စစ်တပ်က ၁ လနီးပါးကြာ စစ်ကြောင်းထိုး တပ်စွဲထား၍ ကျေးရွာ ၆ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေ၊ စစ်တပ် မီးရှို့မှုကြောင့် ရွာသစ်ရွာ တစ်ရွာလုံးပြာကျ

Must read

မင်းတုန်းမြို့နယ်တွင် စစ်တပ်က ၁ လနီးပါးကြာ စစ်ကြောင်းထိုး တပ်စွဲထား၍ ကျေးရွာ ၆ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေ၊ စစ်တပ် မီးရှို့မှုကြောင့် ရွာသစ်ရွာ တစ်ရွာလုံးပြာကျ

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ၁ လနီးပါးကြာ စစ်ကြောင်းထိုး တပ်စွဲထား၍ ကျေးရွာ ၆ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကာ စစ်တပ် မီးရှို့မှုကြောင့် ရွာသစ်ရွာ တစ်ရွာလုံးပြာကျခဲ့ကြောင်း သရက်ခရိုင် အမှတ် – ၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်ပြီး မင်းတုန်းမြို့နယ်ရှိ ကျေးရွာများကို ၅ မိုင်ဂိတ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၆ ရက်နေ့တွင် စစ်ကောင်စီ တပ်သားများက ရွာသစ်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ရွာလုံးကျွတ် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မြောက်ပြင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထား၍ ဂျိုး၀ရွာ ၊ မြောက်ပြင်ရွာ၊ ကန်မနိုင်ရွာ၊ ရွာသစ်ရွာ၊ ငှက်ပျင်းရွာနှင့် ပုဇွတ်တုံရွာ မှ ပြည်သူ ၂၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်ရှောင်နေရကြောင်း သိရှိရသည်။

စစ်ဘေးရှောင်ပြည်သူများသည် အချိန်အတန်ကြာ တောတောင်များ အတွင်း စစ်ဘေးတိမ်းရှောင်နေရသောကြောင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်လျက်ရှိပြီး လာရောက် လှူဒါန်းသူများလည်း မရှိသေးကြောင်း သိရသည်။

“စစ်ရှောင် အရေအတွက် ၂၃၀၀ လောက်ရှိတယ်။ ဒီ ကျေးရွာ ၆ ရွာပေါ့။ အခြေအနေကတော့ အခု တည်ငြိမ်တာတော့ မတည်ငြိမ်သေးဘူးပေါ့။ သူတို့က မြောက်ပြင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားပါတယ်။ လက်ရှိထိ မြောက်ပြင်မှာ တပ်စွဲထားတော့ စစ်ကြောင်းက ဝင်နေဆဲ ပြောရမှာပေါ့။ စစ်ရှောင်တွေကတော့ တောတောင်တွေထဲ လွတ်ရာ နေရာတွေမှာ နေနေရပါတယ်။ လတ်တလောကတော့ သူတို့မှာ ပါလာတာလေးတွေနဲ့ပဲ စားသောက်နေနေရတယ်။ တစ်ခြားအကူအညီကတော့ ဘာမှ မရသေးဘူး။ စားနပ်ရိက္ခာတွေ လိုအပ်နေပါတယ်” ဟု သရက်ခရိုင် အမှတ် – ၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် မြောက်ပြင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် အင်အား ၁၀၀ ခန့်ဖြင့် တပ်စွဲထားခြင်းဖြစ်ပြီး မင်းတုန်းမြို့ ၅ မိုင်ဂိတ်တွင်လည်း အင်အား ၁၀၀ ခန့်ဖြင့် နောက်ချန် စစ်ကြောင်းရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article