ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင် ကုမ္ပဏီမှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင် ကုမ္ပဏီမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း Monywa inventor ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တိုက်ခိုက်ရေး ခေါင်းဆောင် ကိုမိုးသောက်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင် ကုမ္ပဏီမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ညောင်ပင်ကြီး ထန်းတော ဇာတ်ဆိပ်အနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးပြီး လက်နက်များ ကောက်ယူနိုင်ရန် ကြိုးစားခဲ့သော်လည်း ဝမ်ပေါင်ကုမ္ပဏီနှင့် မုံရွာ Ocean ဘက်မှ လက်နတ်ကြီးများဖြင့် ပစ်ကူးပေးပြီး ကား ၃ စီးဖြင့် စစ်ကူများ ရောက်ရှိလာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။
“တရုတ်ဝမ်ပေါင်ကုမ္မဏီမှ ထွက်လာတဲ့ စစ်ကောင်စီ တပ်သား ၈၀ ကျော်ခန့်ကို ဆားလင်းကြီးအခြေစိုက် ကျွန်တော်တို့ တော်လှန်ရေး တပ်ဖွဲ့တွေက ညောင်ပင်ကြီး ထန်းတော ဇာတ်ဆိပ်အနီးမှာ ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ခဲ့တယ်။ တိုက်ပွဲဖြစ်ပွားချိန် ၄၅ မိနစ်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦး နေရာတင်ပွဲချင်းပြီး သေဆုံးတယ်။ ဝမ်ပေါင်ကုမ္မဏီဘက်ကနေ လက်နတ်ကြီးတွေနဲ့ ပစ်ကူးပေးခဲ့ပြီး ကား ၃ စီး အင်အားပြည့်တယ်။ စစ်ကူလာပေးသည့်အပြင် မုံရွာ Oceanအနီးမှလဲလက်နတ်ကြီးများဖြင့် ပစ်ကူပေးတယ်။ ပြည်သူ့ကာကွယ်ရေး ဘက်ကတော့ အထိခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာခဲ့ပါတယ်။ လက်နတ်ကောက်ယူဖို့ ကြိုးစားခဲ့သော်လည်း မရရှိပါဘူး။ ခွေးတွေ ဝမ်ပေါင်အနီးတဝိုက်မှာ ကင်းပုန်းတွေချထားတယ်။ စစ်ကြောင်းလဲထိုးမယ်လို့ ကြားထားပါတယ်။ အင်အားတွေလည်း ဖြည့်ထားကျတယ်” ဟု Monywa inventor ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တိုက်ခိုက်ရေး ခေါင်းဆောင် ကိုမိုးသောက်က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Monywa inventor ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အတူ Triple Task Force၊ ဗျူဟာ ၄၄၊ ဆားလင်းကြီးမြို့နယ်လက်ရုံးတပ်တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။