ပခုက္ကူနှင့် မြိုင် ကို စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာ ၄ ရွာကို စီးနင်းပြီး ပြည်သူ ၂ ဦးကို သတ်ဖြတ်ကာ နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီး၊ သရက်ကန်ရွာရှိ ပျူစောထီးများကိုလည်း PDF တပ်ဖွဲ့က ဆက်တိုက် ဝင်ရောက် တိုက်ခိုက်
ရန်ကုန်၊ ဒီဇင်ဘာ ၁၉
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၄ ရွာကို စီးနင်းပြီး ပြည်သူ ၂ ဦးကို သတ်ဖြတ်ကာ နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ပခုက္ကူမြို့နယ်၊ ရေလာလေးကျေးရွာရှိ ပျူစောထီး စခန်းကို တောာ်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်ပြီးနောက် အကြမ်းဖက် စစ်တပ်က ပခုက္ကူနှင့် မြိုင်မြို့နယ် အစပ်ရှိ ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုး စီးနင်းနေခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်းကြောင့် ဝါးကျွန်းတွင်းကျေးရွာ၊ ရေလာကြီးကျေးရွာ၊ ပြည့်အိုင်ကျေးရွာနှင့် ရွာသာအေးကျေးရွာများမှ ပြည်သူပိုင် နေအိမ် ၁၀၀ ကျော် မီးလောင် ပျက်စီးပြီး အဖိုးတန် ပစ္စည်းများလည်း ဆုံးရှုံးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရကြောင်း သိရှိရသည်။
ထို့ပြင် မြိုင်မြို့နယ် အနောက်တောင်ပိုင်း သရက်ကန်ရွာရှိ ပျူစောထီးများကိုလည်း ဆက်တိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။
နိုဝင်ဘာလ ၂၂ ရက်နေ့တွင် သရက်ကန်ရွာမှ ပျူစောထီးများသည် ရွာပြင်ကို မြေပဲ ဖော်ရန် ထွက်လာစဉ် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း၊ ထိတွေ့ တိုက်ပွဲသည် မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း၊ ပျူစောထီးများသည် မြေပဲ ဆက်လက် ဖော်နိုင်ခြင်းမရှိတော့ဘဲ ဘန်ကာများ အတွင်းသို့ ဝင်ပြေးသွားကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် TYK ပြောက်ကျားတပ်ဖွဲ့နှင့် အညာမြေတပ်ပေါင်းစု မှ မဟာမိတ်ရဲဘော်များ သရက်ကန်ပျူစောထီးရွာကို အနီးကပ် စောင့်ကြည့်နေစဉ် သရက်ကန်ပျူစောထီးရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းထိတွေ့ တိုက်ပွဲသည် ၁ နာရီကျော်ကြာမြင့်ခဲ့ပြီး TYK ပြောက်ကျားတပ်ဖွဲ့ မှ တော်လှန်ရေး ရဲဘော် ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၈ နာရီခန့်တွင် သရက်ကန်ပျူစောထီးရွာမှ ပျူစောထီး ၃ ဦးသည် လက်နက်များ ကိုင်ဆောင်ပြီး ရွာပြင်ကို ထွက်လာစဉ် အသင့်စောင့်ဆိုင်းနေသော တော်လှန်ရေး ရဲဘော်များက ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးး ပြင်းထန်ဒဏ်ရာရပြီး ရွာထဲကို ထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို အညာမြေတပ်ပေါင်းစုတပ်ဖွဲ့၊ TYK ပြောက်ကျားတပ်ဖွဲ့၊ မြိုင်ပကဖ တပ်ရင်း (၁)၊ မုန်တိုင်းပြည့်သူ ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင်တပ်ခွဲ(၄)စင်္ကြာ၊ မြိုင်တပ်ခွဲ(၂)ဂဠုန်၊ နွေဦးညီနောင်တပ်ဖွဲ့၊ ဒေါင်းမာန်တပ်ဖွဲ့၊ ဒေါင်းညီနောင်တပ်ဖွဲ့၊မြိုင်ရာဇာတပ်ဖွဲ့၊ UnionBrother တပ်ဖွဲ့နှင့် God Of Myaing တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။