ကန့်ဘလူတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် ကျွန်းလှရှိ စစ်တပ် အထိုင်စခန်းကို PDF တပ်ဖွဲ့များ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၆ ဦး သေဆုံးပြီး သေနတ် ၁၁ လက်သိမ်းဆည်းရရှိ၊ တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၂၀
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် ကျွန်းလှမြို့နယ်ရှိ စစ်တပ် အထိုင်စခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၆ ဦး သေဆုံးပြီး သေနတ် ၁၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ပြောဆိုသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ မကျီးကုန်းရွာ အနောက်ဘက်၌ ကျွန်းလှမြို့နယ်၊ ကံပေါက်ပျူစောထီးရွာမှ ထိုးစစ်ဆင် လာသော ခမရ-၃၆၁ နှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၆၀ ခန့်ကို ကန့်ဘလူခရိုင် တပ်ရင်း ၁၊ ၂၊ ၃၊ ၄ ၊ ကန့်ဘလူခရိုင် ပကဖ၊ ပလဖ ၊ ပအဖ၊ ကျွန်းလှမြို့နယ် ပကဖ ၊ ပလဖ ၊ ပအဖ၊ ကန့်ဘလူခရိုင် ထုတ်နုတ် ဒရုန်းအဖွဲ့နှင့် ဒေသ ပကဖ များက ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ ဘက်မှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁၅ ဦး သေဆုံးပြီး ၂၀ ခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် သေဆုံးသွာသော အကြမ်းဖက် စစ်သားများထံမှ ငါးကြင်းမြီး (MA-15) (၁) လက် ၊ MA-1 (၁)လက်၊ MA-2 (၁)လက်၊ G-3 (၂) လက်၊ ကာဘိုင် (၅)လက် ၊ ကျည်မျိုးစုံ (၁၆၇၀) တောင့်၊ ဗုံးသီးမျိုးစုံ (၃) လုံး၊ နင်းမိုင်း (၆) လုံး၊ RPG (၃) လုံး၊ ငါးကြင်းမြီးခါးပတ် (၁) ခု၊ ကျည်အိမ်မျိုးစုံ (၂၁) ခု၊ RT စက် (၁) လုံး၊ လက်ကောက် (၂) ကွင်း၊ လက်စွပ် (၁) ကွင်း၊ ဆွဲကြိုးအပြတ် (၁) ခု၊ နားကပ် (၁) ခု၊ ငွေသား (၃၂၀,၈၀၀) ကျပ်နှင့် လူသုံးကုန် ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း ကျွန်းလှမြို့နယ်၊ မဒေါင်ရွာတွင် အထိုင်ချထားသော ခမရ-၃၆၁ နှင့် ပျူစောထီး ပူးပေါင်း အင်အား ၇၀ ခန့်ရှိသော စခန်းကို ကန့်ဘလူခရိုင် တပ်ရင်း-၁ နှင့် ဒေသ ပကဖ ပူးပေါင်း အဖွဲ့တို့က တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်းသိရသည်။
အဆိုပါ တိုက်ခိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် သေဆုံးသွားသော အကြမ်းဖက် စစ်တပ်သားထံမှ MA-1 (၁) လက်၊ MA ကျည် (၄၆၀) တောင့်၊ လက်ပစ်ဗုံး (၁) လုံး၊ နင်းမိုင်း (၇) လုံး၊ ကျည်ဘောက် (၅) ခု၊ ဦးထုပ် (၂) လုံး၊ Icom (၁) လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
ယင်းတိုက်ပွဲတွင် တော်လှန်ရေး ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ပြောဆိုသည်။