သရက် အကျဉ်းထောင်တွင် WY ဆေးပြားများ သယ်ဆောင်လာသည့် ထောင်ဝန်ထမ်းကို အကျဥ်းသားများက ဖမ်းဆီးပြီး ထောင်ပိုင်ကို တိုင်ကြားခဲ့သော်လည်း အရေးယူခြင်း မရှိ
မကွေးတိုင်း၊ သရက် အကျဉ်းထောင်တွင် WY ဆေးပြားများ သယ်ဆောင်လာသည့် ထောင်ဝန်ထမ်းကို အကျဥ်းသားများက ဖမ်းဆီးပြီး ထောင်ပိုင်ကို တိုင်ကြားခဲ့သော်လည်း အရေးယူခြင်း မရှိကြောင်း သရက်ထောင်နှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် သရက် အကျဉ်းထောင်၌ WY ဆေးပြားများ သယ်ဆောင်လာသည့် ထောင်ဝန်ထမ်းကို အကျဉ်းသားများ စုပေါင်း၍ သက်သေခံ ဆေးပြားများနှင့် အတူ ဖမ်းဆီးပြီး ထောင်ပိုင်ကို အပ်နှံခဲ့သော်လည်း ထောင်ပိုင်က အရေးယူမှု ပြုလုပ်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။
“ထောင်အရာရှိ ကျော်ဇေယျာစိုး၊ အမျိုးသမီးဝန်ထမ်း ဒေါ်ဇွန်ဇွန်အေးတို့ စေခိုင်းမှုနဲ့ ဝန်ထမ်း ကိုကိုရဲလင်းက မုန့်ဟင်းခါး မုန့်ဖတ် ၁ ပိဿာထုပ်ထဲမှာ WY ဆေးပြားတွေ သယ်လာတာ ဒါကို အကျဉ်းသားတွေ ဝိုင်းပြောလို့ ထောင်ပိုင် ဦးညွန့်ဘိုဝင်းရှေ့မှာ ဖွင့်စစ်တာ မုန့်ဟင်းခါးဖတ်ထဲမှာ WY ဆေးပြားတွေ တွေ့ခဲ့တာ” ဟု သရက်ထောင်နှင့် နီးစပ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထိုသို့ သက်သေအထောက်အထားနှင့် တကွ တွေ့ရှိခဲ့သော်လည်း WY ဆေးပြားများ ယူဆောင်ရန် ခိုင်းစေခဲ့သည့် အရာရှိ ကျော်ဇေယျာစိုး၊ ဒေါ်ဇွန်ဇွန်အေးနှင့် ဝန်ထမ်း ကိုကိုရဲလင်းတို့သည် အကျဉ်းဦးစီး ညွှန်မှူး ဦးမင်းစိုး၏ တပည့်ရင်းများ ဖြစ်၍ ထောင်ပိုင်က အရေးမယူခဲ့ကြောင်း၊ အဆိုပါ WY ဆေးများကို အကျဉ်းထောင်ထဲတွင် လုယက်မှုနှင့် ထောင်ကျသည့် တန်းစီး သားကြီး ဆိုသူက တစ်ဆင့် ဖြန့်ဖြူး ရောင်းချနေခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် ပစ္စည်းနှင့် တကွ လက်ပူးလက်ကြပ်မိခဲ့သည့် ထောင်ဝန်ထမ်း ကိုကိုရဲလင်းကို ဥပဒေအရ အရေးယူခြင်း မရှိသည့်အပြင် ထောင်ပိုင် ဦးညွှန့်ဘိုဝင်းက ၎င်းအမှုနှင့် ပတ်သက်မည်ကို စိုးရိမ်၍ မုန့်ဖိုးပေးကာ အဝေးသို့ ရှောင်ခိုင်းထားကြောင်း သရက်ထောင် ဝန်ထမ်းမိသားစုများထံမှ သိရှိရသည်