ဖြူးတွင် ကျန်ရစ်သန်ဘောန်ရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၁ ဦးသေဆုံး၊ မတ္တရာမြို့ အနောက်ခြမ်းရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်
ရန်ကုန်၊ ဒီဇင်ဘာ ၂၃
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၊ ကျန်ရစ်သန်ဘောန်ရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၊ ကျန်ရစ်သန်ဘောန်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ဟိန္ဒ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“ဇေယျဝတီမြို့ရဲ့ ကျန်ရစ်သန်ဘောန်ကျေးရွာကို စစ်ခွေးတွေက ဒရုန်းနဲ့ ဗုံးကျဲမှုကြောင့် ဟိန္ဒ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး အိမ် ၁ လုံး ပျက်စီးခဲ့တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၁၆ မိနစ်ခန့်တွင် မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Cluster Bomb ၂ လုံးဖြင့် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။