မင်းဘူး၊ အိုးပြင်မဲရွာကို စစ်တပ် စီးနင်းမှုကြောင့် ရွာလုံးကျွတ်ထွက်ပြေးရ၍ နေအိမ်တွင် ကျန်ရှိခဲ့သော နာမကျန်း ဖြစ်နေသော ဦးတင်အေး အစာရေစာ ပြတ်၍ သေဆုံး၊ စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီးပြီး ပရဟိတနာရေးကားများကို ယူဆောင်သွား
ရန်ကုန်၊ ဒီဇင်ဘာ ၂၇
မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ အိုးပြင်မဲရွာကို အကြမ်းဖက် စစ်တပ် စီးနင်းမှုကြောင့် ရွာလုံးကျွတ်ထွက်ပြေးရ၍ နေအိမ်တွင် ကျန်ရှိခဲ့သော နာမကျန်း ဖြစ်နေသော ဦးတင်အေး အစာရေစာ ပြတ်၍ သေဆုံးသွားပြီး စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီးပြီး ပရဟိတနာရေးကားများကို ယူဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၂ ရက်နေ့ကစ၍ အိုးပြင်မဲရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်တပ်စွဲသောကြောင့် ပြည်သူအားလုံး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ကျေးရွာနေ ပြည်သူအားလုံး ထွက်ပြေးသွားသော်လည်း ရွာထဲမှ ထွက်မပြေးနိုင်ဘဲ နေအိမ်၌ ကျန်ရှိခဲ့သော နာမကျန်း ဖြစ်နေသည့် ဦးတင်အေးသည် အစာရေစာ ပြတ်၍ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူသွားပြီး ကျေးရွာနေ ပြည်သူများကို ကိုတင်ကို နှင့် ကိုမျိုး တို့ကို ဖမ်းဆီးပြီး တောထဲ ရှောင်တိမ်းနေရသူများကို လမ်းညွှန်ခိုင်းကြောင်း သိရှိရသည်။
“ရွာထဲက အိမ်ကောင်းတွေကို ဖောက်ထွင်းဖျက်ဆီး ဝင်နေတယ်။ ပစ္စည်းတွေသယ်နေပါတယ် ။ ဘုန်းကြီးကျောင်းက ကားနဲ့ ပရဟိတနာရေးကားတွေကို ကရိန်းနဲ့ သယ်သွားတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်သားများက ရွာထဲဝင်လာ၍ ပြည်သူများမှာ ရှောင်တမ်းနေကြသည်ကို ရွာသားများ ရွာထဲ ပြန်နေရန်နှင့် ပြန်မနေပါက ရွာကို မီးရှို့ဖျက်ဆီးမည်ဟု အကြမ်းဖက်စစ်သားများက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရှိရသည်။