ဆိပ်ဖြူရှိ စစ်တပ် အထိုင်စခန်း ၂ ခု နှင့် ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်၊ စလင်းမြို့ပေါ်တွင် ကင်းလှည့်နေသည့် စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၂၈
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်း ၂ ခု နှင့် ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ် အတွင်းရှိ ထမ္မကောက်ရွာ စစ်တပ် အထိုင် တပ်စခန်း၊ တပေါင်းရွာ စစ်တပ် အထိုင် တပ်စခန်းနှင့် လက်ဆည်ရွာ ရဲစခန်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး အလုံး ၅၀ ၊ ရော့ကတ်များနှင့် ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ် အထိုင်တပ်စခန်းရှိ အဆောက်အအုံများ၊ ဂျမ်ဘာများ ထိမှန် ပျက်စီးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား အများအပြား ထိခိုက်သေဆုံးမှုရှိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဆိပ်ဖြူ မြောက်ပိုင်းပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ NSP ပကဖ ၊ ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း တပ်ခွဲ ၃ ၊ မကွေးတိုင်း ပကဖ ဒရုန်းလက်ရုံးတပ်ဖွဲ့နှင့် သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေး တပ်ဦးတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ စလင်းမြို့ပေါ် ကင်းလှည့်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၆ ရက်နေ့ ည ၈ နာရီ ၉ မိနစ်ခန့်တွင် စလင်းမြို့ပေါ်တွင် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို စလင်းမြို့ဈေး တောင်ဘက်လမ်းဆုံတွင် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတိုက်ခိုက်ရေး အဖွဲ့ နှင့် စလင်း-ပကဖ မြို့ပြပြောက်ကျားတပ်ဖွဲ့တို့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များက အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏ လက်နက်များကို ကောက်ယူရန် ကြိုးစားခဲ့သော်လည်း စစ်ကူများထပ်မံရောက်ရှိလာ၍ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို မြို့တွင်းမြို့ပြင် မည့်သည်နေရာမဆို အခွင့်အရေးရလျှင် ရသလို အချိန်မရွေးတိုက်ခိုက်သွားမယ်” ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။