မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသော သံပြားကာ စစ်ယာဉ်တန်းကို ဆက်တိုက် မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသော သံပြားကာ စစ်ယာဉ်တန်းကို ဆက်တိုက် မိုင်းဆွဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၉ နာရီ ၃၆ မိနစ်ခန့်တွင် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ထွက်လာသော သံပြားကာ ကား ၆ စီးပါ စစ်ယာဉ်တန်းကို Yae Nagar People Defend Force မှ တော်လှန်ရေး ရဲဘော်များက ချောင်းဦးနှင့် နတ်ရေကန် အကြားတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း ဒုတိယမြောက်ကားကို ထိမှန်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်မရှိသေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေ ထိခိုက်မှုရှိပါတယ်။ စစ်ခွေး သေဆုံးမှု အရေအတွက်ကိုတော့ ကျွန်တော်တို့ အတည်ပြုနိုင်ခြင်းမရှိသေးဘူး” ဟု Yae Nagar People Defend Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အလားတူ ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် အဆိုပါ အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို ချောင်းဦးမြို့နယ်၊ နတ်ရေကန်နှင့် ရေပိုးစား အကြားတွင် တော်လှန်ရေး တပ်ဖွဲ့များက အသင့်ပြင်ထားသော ပဒေသာမိုင်း ၄ လုံး ၂ ပွိုင့် ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း သံပြာကာ ကားများ ထိခိုက်မှုရှိပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ မုံရွာ-မန္တလေး လမ်းပိုင်းကို အသုံးပြုလိုသော ပြည်သူများအနေဖြင့် စစ်တပ် ယာဉ်တန်းများနှင့် တွေ့ရှိပါက ခပ်ဝေးဝေးမှ ရှောင်ရှားကြရန်နှင့် တိုက်ပွဲဖြစ်ပွားလျှင် ကားများကို ရပ်တန့်ထားရန် People’s Defence Force – South Monywa တပ်ဖွဲ့က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း (People’s Defence Force – South Monywa) ၊ နွေဦးလူငယ်People’s Defence Force၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defence Force၊ Pentagramနှင့် မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆာင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ ယာဉ်တန်းကို ယနေ့ နံနက် ၈ နာရီ ၂၂ မိနစ်ခန့်တွင် မုံရွာ – ချောင်းဦး လမ်းပိုင်း၌ Area 71PDF Monywa အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက မိုင်းဆွဲ တိုက်ခိုက်ရန် စောင့်ဆိုင်းနေစဉ် မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် လုံခြုံရေး ကင်းယူထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကားတန်းမထွက်ခင် လမ်းဘေးဝဲယာကို ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
ယင်းယာဉ်တန်း ညနေ ၅ နာရီ ၆ မိနစ်ခန့်တွင် မုံရွာ နမခကို ပြန်လည် ဝင်ရောက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ၅ စီးမြောက်ကားကို မုံရွာ-ချောင်းဦး လမ်းပိုင်း တစ်နေရာတွင် ပဒေသာမိုင်း ၅ လုံးတွဲဖြင့် ဖောက်ခွဲ တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ မိုင်းဆွဲ တိုက်ခိုက်မှု အပြီးတွင် စစ်ကားများ လမ်းဘေး၌ ခေတ္တရပ်တန့်သွားပြီး ဆက်လက် မောင်းနှင်သွားကာ လမ်းဘေးဝဲယာကို လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်သွားကြောင် သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Area 71PDF Monywa အဖွဲ့၊ မုံရွာမြိုနယ် ပကဖ ဖောက်ခွဲရေးအဖွဲ့၊ ANTAR DEFENCE FORCE (ADF)၊ မုံရွာ ခရိုင်တပ်ရင်း အမှတ်(၂၃)တပ်ခွဲ(၂) နှင့် Tiger Brother s People`s Defence Force အဖွဲ့တိုက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။