တောင်သာမြို့နယ်ရှိ ဇဂျမ်း တိုက်နယ် ရဲစခန်းနှင့် ဗိဿနိုးတောင်ပေါ်တွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု များပြား
မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ဇဂျမ်း တိုက်နယ် ရဲစခန်းနှင့် ဗိဿနိုးတောင်ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု များပြားကြောင်း မြင်းခြံခရိုင်တပ်ရင်း ၃ မှ တာဝန်ရှိ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် တောင်သာမြို့နယ် ၊ ဇဂျမ်းတိုက်နယ် ရဲစခန်းကို မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းမှ တော်လှန်ရေး ရဲဘော်များက ဒရုန်း၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိတွေ့တိုက်ပွဲသည် ပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခြင်းကြောင့် မြေပြင်စစ်ကူများအပြင် ဂျက်ဖိုက်တာ ၃ စီးဖြင့် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၅ နာရီခန့်တွင် တောင်သာမြို့နယ် ဗိဿနိုးတောင်ပေါ်တွင် တပ်စွဲထားသော အင်အား ၄၀ ခန့်ရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကိုလည်း မြင်းခြံခရိုင် အမှတ်၃တပ်ရင်း Drone team မှ တော်လှန်ရေး ရဲဘော်များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ နေထိုင်သော ကင်းတဲပေါ်ကို ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်မှု ရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း မြင်းခြံခရိုင်တပ်ရင်း ၃ မှ တာဝန်ရှိ တစ်ဦးက ပြောဆိုသည်