အုတ်တွင်းနှင့်ဖြူး အစပ် တိုက်ပွဲတွင် စစ်ကောင်စီ တပ်သားများက မူးယစ်ဆေးသုံးစွဲပြီး ကျားထိုး တက်၍ တိုက်ခိုက်ခြင်းကြောင့် စစ်တပ်ဘက်မှ ၆၀ ဦးထက်မနည်းသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၆
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်နှင့်ဖြူးမြို့နယ် အစပ် တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မူးယစ်ဆေးသုံးစွဲပြီး ကျားထိုး တက်၍ တိုက်ခိုက်ခြင်းကြောင့် စစ်တပ်ဘက်မှ ၆၀ ဦးထက်မနည်းသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း တောင်ငူခရိုင် – တပ်ရင်းအမှတ် ၃၅၀၂ စစ်ကြောင်း တပ်ခွဲ တာဝန်ခံ ရဲဘော် ဗိုလ်အောက်ထောင် က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် အင်အား ၅၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အုတ်တွင်းမြို့နယ်အပိုင် ကံကလေးရွာနှင့် ပေါက်ကုန်းကျေးရွာဘက်မှ မြတ်နီကွင်းကျေးရွာ၊ နှောခင်ရွာ၊သရက်ကုန်းရွာ၊ ကြူအင်းရွာ၊ ထန်းကုန်း၊ဖြူးမြို့နယ် အပိုင်ရှိ ဂရမ္မတီးကျေးရွာအထိ စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက မြတ်နီကွင်းကျေးရွာအရောက်တွင် စတင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းထိတွေ့ တိုက်ပွဲသည် သရက်ကုန်းရွာ ၊နှောခင်ရွာ နှင့် တခြားကျေးရွာများအထိ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မူးယစ်ဆေးများ သုံးစွဲထားပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ ရှိရာဘက်ကို တရကြမ်း မရပ်မနား ဝင်လုံး၍ တိုက်ခိုက်ခဲ့သောကြောင့် အကြမ်းဖက် စစ်တပ်ဘက်မှ ၆၀ ဦးထက်မနည်း သေဆုံးခဲ့ခြင်းကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားစဉ်အတွင်း လက်နက်ကြီး၊ Drone နှင့် စက်လက်များဖြင့် အသုံးပြု၍ ကျေးရွာများကို ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော် ၃ ဦးလည်း လက်နက်ကြီးကျည်ထိမှန်ကာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး ရဲဘော် ၁ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြောင်း သိရသည်။
တော်လှန်ရေး တပ်ဖွဲ့များသည် တိုက်ပွဲအတွင်း ပိတ်မိနေသည့် ရဲဘော် ၃ ဦးကိုလည်း ၂၄ နာရီ အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပတ်လည်ဝိုင်းနေသည့်ကြားမှ ရဲဘော်များက သက်စွန့်စံဖျား ပြန်လည် ကယ်တင်နိုင်ခဲ့ခြင်းပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် သမိုင်းဝင်ဖြစ်ရပ်အဖြင့် မှတ်တမ်းတင်ဂုဏ်ပြုထိုက်သော အောင်မြင်မှုတစ်ခုဖြစ်ကြောင်း သိရှိရသည်။
“စစ်ခွေး စစ်ကြောင်းက ခု ပြန်ဆုတ်သွားပါပြီး မြတ်နီကွင်းရွာမှာ အခုထိတပ်စွဲထားတုန်းပါပဲ။ တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့အတွက် အတွေ့အကြုံသစ်နဲ့ သင်ခန်းစာ ကောင်းကောင်းရခဲ့ပါတယ်။ ထပ်ပြီးတော့ ကြုံလာရင်လည်း ကျနော်တို့ဘက်က အဆင်သင့်ပါပဲ” ဟု တောင်ငူခရိုင် – တပ်ရင်းအမှတ် ၃၅၀၂ စစ်ကြောင်း တပ်ခွဲ တာဝန်ခံ ရဲဘော် ဗိုလ်အောက်ထောင် က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို တောင်ငူခရိုင်၊ပြည်သူ့ကာကွယ်ရေးတပ်တော်၊ တပ်ရင်းအမှတ်-၃၅၀၂ စစ်တောင်းစစ်ကြောင်း၊ ဧရာဝတီအမှတ် (၃) တပ်ရင်း၊ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ (၃)၊ ဖြူး ပကဖ – PDO၊ ၃၄၀၂ သရက်ခရိုင်တပ်ရင်း၊ အုတ်တွင်း ပကဖ၊ ပူးပေါင်း Drone Team နှင့် မဟာမိတ် တပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။