31 C
Yangon

ကျောက်ဖြူမြို့တွင် AA ဝင်တိုက်တော့မည်ဆိုသော သတင်းများကြောင့် စစ်ကောင်စီက လုံခြုံရေး တင်းကျပ်ပြီး အစစ်အဆေး ကြမ်းနေ

Must read

ကျောက်ဖြူမြို့တွင် AA ဝင်တိုက်တော့မည်ဆိုသော သတင်းများကြောင့် စစ်ကောင်စီက လုံခြုံရေး တင်းကျပ်ပြီး အစစ်အဆေး ကြမ်းနေ

ရန်ကုန်| ဇန်နဝါရီ ၇

ရခိုင်ပြည်အမ်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) သိမ်းပြီးနောက် ကျောက်ဖြူမြို့ကို ဇန်နဝါရီလအတွင်း အာရက္ခတပ်တော် AA က ဝင်တိုက်တော့မည်ဆိုသော သတင်းများကြောင့် ကျောက်ဖြူမြို့အတွင်း စစ်ကောင်စီက ယခင်ထက် ပိုတင်းကျပ်စွာ စစ်ဆေးမှု ပြုလုပ်နေကြောင်း သိရသည်။

ကျောက်ဖြူလေဆိပ်၊ မြို့အဝင် ကျောက်တစ်လုံးဂိတ်နှင့် ဂျပန်မဆိပ်ကမ်းတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယခင်ထက် စစ်ဆေးရေးတင်ကြပ်ပြီး ငွေတောင်းယူခြင်းများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်ဖြူမြို့ကတစ်ဆင့် ရခိုင်မြောက်ပိုင်းဘက်သို့ သွားရောက်ရန် ထိုင်းနှင့် မလေးရှားပြန် လူကြီးလူငယ်အများအပြား ရန်ကုန်မြို့တွင် စောင့်ဆိုင်းနေကြသည်။

“အခု ရက်ပိုင်း ကျောက်ဖြူမြို့က အစစ်အဆေး ကြမ်းနေတော့ ခဏဆိုင်းထားပါတယ်။ နည်းနည်းငြိမ်မှ သွားမလို့ပါ။ စောင့်နေတာတော့ လဝက်လောက်တော့ ရှိပြီ။ မြို့တွင်းတိုက်ပွဲတွေ ဖြစ်လာနိုင်လို့ဆိုပြီး လူငယ်တွေဆို ပိုစစ်ဆေးတယ်လို့ မြို့ခံတွေဘက်က ပြောပါတယ်။ အသိတွေကလည်း မလာနဲ့အုံးလို့ တားနေကြပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

ထိုင်းနှင့် မလေးရှားတွင် အလုပ်လုပ်ပြီး ရခိုင်ပြည်သို့ ပြန်ရန် ရန်ကုန်မြို့တွင် စောင့်ဆိုင်းနေသူ အသက် ၂၅ နှစ်ကနေ ၅၀ အတွင်း လူပေါင်း ဒါဇင်နှင့်ချီ ရှိကြောင်း အဆိုပါ လူငယ်က ပြောသည်။

ရခိုင်မြောက်ပိုင်းဘက်က ကျန်းမာရေးမကောင်းသူများနှင့် အရေးတကြီးလိုအပ်သည့် ဆေးဝါးများ ဝယ်ယူရန် ဒေသခံပြည်သူများမှာ ကျောက်ဖြူမြို့ကတစ်ဆင့် ရန်ကုန်မြို့သို့ သွားရောက်ကြသည်။

ထိုသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မှတ်ပုံအား ရက်ရှည်သိမ်းပြီး စစ်ဆေးခြင်းနှင့် အချို့သော စက်လှေများအား ဆိပ်ကမ်းသို့ ကပ်ခွင့်မပြု၍ ပင်လယ်၌ ညအိပ်နေရသည့် စက်လှေများလည်းရှိကြောင်း ကျောက်ဖြူမြို့မှတစ်ဆင့် ရန်ကုန်မြို့ရောက်လာသည့် ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။

“စက်လှေတွေ အကုန်လုံးက ကျောက်ဖြူဂျပန်မဆိပ်ကမ်းမှာ ဆိပ်ကပ်ရတယ်။ စက်လှေမှာပါလာတဲ့သူတွေအကုန်လုံးကို ကျား/မ၊ ကလေးမကျန် အကုန်စစ်ဆေးတယ်။ အဝတ်ထုတ်တွေဆို တစ်ခုမကျန် မွှေတာ။ မှတ်ပုံတင်ကို ရက်ရှည်သိမ်းထားပြီး စစ်ဆေးတယ်။ သူတို့ဆီက မှတ်ပုံတင်ရမှ လေယာဉ်လက်မှတ် ဖြတ်လို့ရတယ်။ တချို့ဆို တစ်လကျော်နေပြီ မှတ်ပုံမတင်ရလို့ မသွားရသေးဘူး။ တချို့စက်လှေတွေဆိုလည်း စကားပြောတာ အဆင်မပြေလို့လား မသိဘူး။ ကမ်းကိုတောင် ကပ်ခွင့်မရဘူး။ ဒီအတိုင်း ပင်လယ်ထဲမှာ မျောပြီး ကမ်းကပ်ခွင့်ရဖို့ စောင့်နေတာ တစ်ပတ်လောက်ရှိနေပြီ။ ဒီအတိုင်း ပင်လယ်ထဲမှာ စားသောက်နေနေရတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက် နေ့လယ် ၁ နာရီက ကယ်ရီပြေးဆွဲနေသည့် ရမ်းဗြဲဒေသခံ ကိုစိုင်းဝေဖြိုးကို မြို့အဝင်ကျောက်တစ်လုံးဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း သိရသည်။

ကိုစိုင်းဝေဖြိုးသည် ဆေးခန်းပြမည့် တောင်ကုတ်ဒေသခံ ၄ ဦးကို ကားတစ်စီးဖြင့် တင်ဆောင်လာပြီး ကျောက်ဖြူမြို့ထဲသို့ လာရောက်စဉ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းအား ဖမ်းထားပြီး ခရီးသည်များကို ပြန်လွှတ်ပေးလိုက်ကြောင်း မိသားစုဝင်များနှင့်နီးစပ်သူများက ပြောသည်။

အသက် ၃၂ နှစ်ရှိသော ကိုစိုင်းဝေဖြိုးသည် ရမ်းဗြဲမြို့နယ် ရမ်းသစ်ကြီးကျေးရွာဒေသခံဖြစ်ပြီး ၎င်းကို ကျောက်ဖြူမြို့ အခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၄၃ တပ်ရင်းတွင် ထိန်းသိမ်းထားကြောင်းလည်း စုံစမ်းသိရသည်။

အာရက္ခတပ်တော် AA သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း မောင်တောမြို့၊ တောင်ကုတ်မြို့၊ အမ်းမြို့နှင့် ဂွမြို့တို့ကို သိမ်းပိုက်ပြီးနောက် ရခိုင်ပြည်မှာ သိမ်းပိုက်ရန် ကျောက်ဖြူ၊ စစ်တွေ၊ မာန်အောင် သုံးမြို့သာ ကျန်ရှိတော့သည်။

ထိုအထဲက ကျောက်ဖြူမြို့ကို အာရက္ခတပ်တော် AA က ဦးစွာသိမ်းပိုက်မည်ဟု သတင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့အဝင်အထွက်များကို ပိုမိုတင်းကျပ် စစ်ဆေးသလို စစ်အင်အားကိုလည်း ရေတပ်ကတစ်ဆင့် ပိုမိုဖြည့်တင်းလျှက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ကျောက်ဖြူမြို့ရှိ အမှတ် ၃၂ ရဲတပ်ရင်းအနီးတွင် ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ပြီးနောက် ကျောက်ဖြူမြို့ထဲရှိ ပြည်သူများမှာ တိုက်ပွဲဖြစ်နေကြပြီလားဟု ထိလန့်မှုများ ဖြစ်ပေါ်ခဲ့ကြသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article