အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ၄ နာရီကျော်ကြာ လုံခြုံရေး စစ်ဆေးမှုများ လုပ်ဆောင်
မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ၄ နာရီကျော်ကြာ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ၏ တာဝန်ခံ ရန်ကြီးအောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၂ ရက်နေ့ အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းတွင် ယာဉ်သွားယာဉ်လာများကို စစ်ဆေးခြင်းနှင့် လမ်းပိုင်း လုံခြုံရေးအတွက် တော်လှန်ရေးတပ်ဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း၊ ယင်း လုံခြုံရေး စစ်ဆေးမှု လုပ်ငန်းစဉ်တွင် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့ကြောင်း၊ ၄ နာရီကျော်ကြာ စစ်ဆေးခဲ့သည့်အပြင် ပြည်သူများကိုလည်း မိတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
“အဓိက ကတော့ သတင်းရရင်ရသလို စကစ ဒေါက်တိုင်တွေ အရပ်သားအယောင်ဆောင်ပြီးသွားလာတာကို စစ်ဆေးဖြစ်ပါတယ်။ နောက်တချက်က ခရီးသွားပြည်သူတွေ ခရီးသွားလာတဲ့အခါ ဘေးကင်းလုံခြုံစေဖို့အတွက်ဖြစ်ပါတယ်။ ပြည်သူတွေကို သတိပေးတယ်ဆိုတာထက် အသိပေးချင်တာရှိပါတယ်.စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှဘေးကင်းလုံခြုံနိုင်ဖို့ကအရေးပိုကြီးလာတယ်ပေါ့နော်။ ဒါကြောင့် အသွားအလာတွေဂရုတစိုက်သွားလာကြဖို့မေတ္တာရပ်ခံချင်တာပါ” ဟု အထက်မင်းလှမြို့ နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ၏ တာဝန်ခံ ရန်ကြီးအောင်က ဆက်လက်ပြောဆိုသည်။
အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် ပုသိမ်-မုံရွာလမ်းပိုင်းတွင် လုံခြုံရေး စစ်ဆေးမှုများကို မကြာခဏ ဆိုသလို လုပ်ဆောင်ခဲ့ပြီး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။