မြင်းခြံ-တောင်သာ-မန္တလေးလမ်းတွင် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ အနည်းဆုံး ၂၀ ထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာ-မန္တလေးလမ်းတွင် စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အနည်းဆုံး ၂၀ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်အချိန် မြင်းခြံ- တောင်သာ-မန္တလေးသွားကားလမ်းတွင် စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း သိရှိရသည်။
“ကျနော်တို့သိထားရတာက မနက်ခင်းပိုင်းက တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲအတွင်းပါတဲ့အဖွဲ့တွေက မြင်းခြံခရိုင် တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့ရဲ့ အထူးကွန်မာဒိုအဖွဲ့ 2ICကိုဗညားနဲ့ မြင်းခြံခရိုင်တပ်ရင်း ၁ ကိုတီးတို့က ဦးဆောင်ပြီး မြင်းခြံခရိုင်တပ်ရင်း ၁ ၊ မြင်းခြံခရိုင်တပ်ရင်း ၂၊ မြင်းခြံခရိုင်တပ်ရင်း ၃ နဲ့ မြင်းခြံခရိုင်ရပ်ကျေး ပကဖ ကိုစွန်ရဲအဖွဲ့ တို့က ပူးပေါင်းလုပ် ဆောင်ခဲ့တာလို့လည်း သိရပါတယ်။ နောက်ပြီးတော့ စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်တဲ့နေရာမှာ ၅၀ကျော် သေဆုံးပြီး မြင်းခြံ ဆေးရုံမှာ စစ်ခွေး ၄ ကောင်ထပ်သေးဆုံးတယ်ဆိုတာမျက်မြင်တွေ့ထားရတယ်” ဟု တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ စစ်တပ်လော်ဘီ တယ်လီဂရန်ချန်နယ်များတွင် မြင်းခြံမြို့ ပျူစောထီးခေါင်းဆောင် သီတာယုမွန်နှင့်အဖွဲ့ ပစ်ခတ် တိုက်ခိုက်ခံရသဖြင့် ထွက်ပြေးခဲ့ရပြီး ၁၂ ဦးသေဆုံးကြောင်း၊ ၄ ဦး၏ အလောင်းများကို ကားဖြင့် ပြန်လည် သယ်လာနိုင်ပြီး သေနတ် ၁၂ လက် ဆုံးရှုံးခဲ့ရကြောင်း၊ Jammer စက်လည်း ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။
မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကြားတပ်ဖွဲ့ မှ ကိုဗညားကတော့ စစ်ကောင်စီတပ်၏ စစ်ကြောင်းကို ပိတ်ဆို့ တိုက်ခိုက်ခဲ့မှု မှန်ကန်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြားကြောင်း ပြောဆိုသည်။
“ကျနော်တို့ မြင်းခြံ တောင်ဘက် ၊ နန်းမြင့်တောင်ကြားမှာ တိုက်ပွဲဖြစ်တာ။ အဲဒီလမ်းက မြင်းခြံနဲ့ တောင်သာကို သွားတဲ့ လမ်း မပေါ် မှာ အခုတိုက်ပွဲ ဖြစ်တာလို့လည်း ပြောလို့ရတယ်။ စစ်ကြောင်းက တနေ့က မြင်းခြံမြို့အတွင်းကနေ ဖောကား ၁ စီး၊ ခွေးဘီးလူး ၁ စီး စုစုပေါင်း ကား ၂ စီးနဲ့ တောင်သာလမ်းအတိုင်း ထွက်လာတာကို ကျနော်တို့ဘက်က ပိတ်ဆို့ ပြီး မနေ့ မနက်ခင်းတိုက်ခိုက်ခဲ့တာ။ စစ်တပ်က စစ်သား၅၀ကျော် နေရာတင် သေဆုံးပြီး သူတို့မြင်းခြံမြို့ဆေးရုံရောက်မှ စစ်သား၅ ဦးထပ်ဆုံးတယ်။ ကျနော်တို့ ဘက်မှာ တော်လှန်ရေး ရဲဘော် ၃ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်” ဟု မြင်းခြံခရိုင် တပ်ရင်း ၇ Zero ပြောက်ကြားတပ်ဖွဲ့ မှ ကိုဗညားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အမှတ် ၁ စစ်ဒေသ၏ ထုတ်ပြန်ချက်တွင်မူ ဇန်နဝါရီလ ၁၂ ရက်နေ့ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံနှင့် တောင်သာသို့သွားသည့်လမ်းတွင် ခမရ-၁၅၊ ရဲ နှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ခန့်ကို တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ စစ်ကြောင်းမှာ နန်းမြင့်ရွာနှင့် တောင်ရှေ့ရွာသို့ စစ်ကြောင်းထိုးပြီး ပြန်လာသည့် စစ်ကြောင်းဖြစ်ပြီး ၎င်းစစ်ကြောင်းကို မြင်းခြံခရိုင် တပ်ရင်း ၁၊ ၂၊ ၇ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ စစ်ကောင်စီဘက်မှ ၂၀ ဦး သေဆုံးခဲ့ပြီး MA-1 ၁ လက်၊ MA-3 ၆ လက်၊ G-3 ၃ လက်၊ MA ကျည် ၅၁ တောင့်၊ G-3 ကျည် ၁၅၉ တောင့်၊ 9Volt ကျည် ၈ တောင့်၊ ကျည်အိမ် ၂၄ ခု၊ Jammer အကြီး ၁ လုံး၊ ကျောပိုး Jammer ၁ လုံး သိမ်းဆည်းရမိကြောင်း သိရှိရသည်။