ကျိုက်ထိုမြို့တွင် စစ်တပ် အတွက် အလုပ်လုပ်နေသူ ဆန်းမင်းအေး လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံး
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် စစ်တပ် အတွက် အလုပ်လုပ်နေသူ ဆန်းမင်းအေး လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇန်နဝါရီ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၅ မိနစ်အချိန် ကျိုက်ထိုမြို့ ၊ Parrot လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည် ထိုင်သောက်နေသော အသက် ၅၁ နှစ်အရွယ် ဆန်းမင်းအေးသည် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း၊ ဆိုင်ကယ်ဖြင့် လာရောက်သော လူငယ် ၁ ဦးက သေနတ်ဖြင့် ပစ်ခတ်ရာမှ ဦးခေါင်းနှင့် ဗိုက်တို့တွင် ဒဏ်ရာရရှိပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။
“ဆန်းမင်းအေးက တပ်အတွက် အလုပ်လုပ်နေတာတော့ တော်တော်များများ သိကြတယ်။ လာပစ်သွားတာကတော့ ဆိုင်ထဲ ဝင်ပစ်သွားတာ။ တစ်ဦးတည်း ဆိုင်ကယ်နဲ့ လာပြီး ပစ်သွားတာ။ ပစ်သွားသူကို ဖမ်းမိတာတော့မရှိဘူး။ အခင်းဖြစ်ပြီးတော့ စစ်တပ်နဲ့ ရဲတွေ ရောက်လာပြီး အလောင်းကို ဆေးရုံသယ်သွားတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် စစ်တပ်က လမ်းဆုံလမ်းခွတချို့ကို ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို လူစိမ်းဝင်ရောက်မှု မရှိစေရေး သတိပြုရန်၊ လုံခြုံရေး သတိပြုရန် အသိပေးတိုက်တွန်းသွားကြောင်း သိရှိရသည်။