ရန်ကုန်တွင် ရခိုင်လူငယ်များ ဆက်တိုက် ဖမ်းဆီးခံရမှု ရခိုင်လူမျိုး ဒုဝန်ကြီး ဇော်အေးမောင် ပါဝင်ပတ်သက်နေ
ရန်ကုန်တိုင်းမြို့နယ်အချို့တွင် စစ်ကောင်စီက ရခိုင်လူငယ်များကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးလျက်ရှိနေပြီး ပြည် ထောင်စု အဆင့် တိုင်းရင်းသားလူမျိုးများရေးရာ ဒုတိယဝန်ကြီး ဇော်အေးမောင်လည်း တိုက်ရိုက် ပါဝင်ပတ်သက်နေကြောင်း ဖမ်းဆီးခံရသည့် လူငယ်များ၏ မိသားစုဝင်များနှင့် စောင့်ကြည့်နေသူများက ပြောသည်။
ဇော်အေးမောင်သည် အာဏာသိမ်း စစ်ကောင်စီ၏ ဝန်ကြီးအဖွဲ့မှာ တာဝန်ထမ်းဆောင်နေပြီး ရန်ကုန်တိုင်းအတွင်း ရခိုင်လူငယ်များအား ဖမ်းဆီးရာတွင် ကိုယ်တိုင် တိုက်ရိုက်ညွှန်ကြားသည့် နေရာက ပါဝင်နေသည်ဟု ၎င်းတို့က ပြောဆိုကြခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာနှင့် ယခုနှစ် ဇန်နဝါရီလများတွင် ရန်ကုန်တိုင်း မရမ်းကုန်း၊ လှိုင်သာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ စသည့်မြို့နယ်များနှင့် သာကေတမြို့နယ်များက ရခိုင်လူငယ်များ ၅၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးထားသည်။
ရန်ကုန်တိုင်းအတွင်း ရခိုင်လူငယ်များ ဖမ်းဆီးခံရမှုအပေါ် စောင့်ကြည့်နေသူတစ်ဦးက “အခုနောက် ရန်ကုန်ရောက်လာတဲ့ ရခိုင်တွေက အရမ်းများတယ်။ လူငယ်တွေ ပိုများလာတယ်။ တချို့နေရာတွေကို သတင်းအတိအကျ ဆိုတာထက် နာမည်၊ မှတ်ပုံတင်နံပါတ်တွေနဲ့ အတိအကျ လာတာ။ အဲ့ဒီအတိုင်း လာစစ်တာ။ ကျနော်တို့ သိရသလောက် ဝန်ကြီး ဦးဇော်အေးမောင် တိုက်ရိုက်ညွန်ကြားတယ်လို့ ပြောတယ်။ အစိုးရအဖွဲ့ အပတ်စဉ်အစည်းအဝေးတွေမှာ တင်ပြတယ်လို့ပြောတယ်။ စစ်တပ်ကလည်း ဒါကို အဓိကလုပ်ဖို့ ဖိအားပေးတယ်” ဟု ပြောသည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဇော်အေးမောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် တစ်ကြိမ်၊ နိုင်ဝင်ဘာတွင် တစ်ကြိမ်၊ ဒီဇင်ဘာလအတွင်း တစ်ကြိမ် ရန်ကုန်တိုင်းအတွင်း ရောက်ရှိနေသည့် ရခိုင်တိုင်းရင်းသားများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း ၎င်းက ပြောသည်။
ရန်ကုန်တိုင်းထဲတွင် ရခိုင်အပါအဝင် တခြားသော တိုင်းရင်းသားများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ဆေးလျှက်ရှိနေရာကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ဒုတိယအပတ်ကစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ရခိုင်တိုင်းရင်းသားများကို ပိုမိုတင်းကျပ်စစ်ဆေးကာ နာမည်၊ မှတ်ပုံတင်နံပါတ်များဖြင့် လာရောက် စစ်ဆေးလာခြင်းဖြစ်သည်။
ယင်းအပြင် ဒီဇင်ဘာလအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရန်ကုန်ခရီးစဉ်တွင်လည်း ဒုဝန်ကြီးဇော်အေးမောင်က အစည်းအဝေးတွင် ရခိုင်လူမျိုးများ ရန်ကုန်တိုင်းသို့ အလုံးအရင်းဝင်ရောက်လာမှုနှင့် ပတ်သတ်ပြီးလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းနောက်ပိုင်းတွင် ရန်ကုန်ရောက်ရှိနေသော ရခိုင်လူမျိုးများအား စစ်ဆေးရန်နှင့် AA နှင့် ဆက်စပ်မှု ရှိ၊ မရှိဆိုသည်ကို မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်းများတွင် စစ်ဆေးရန် အမိန့်စာများ ထွက်ပေါ်လာကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။
မရမ်းကုန်း၊ လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ သာကေတ စသည့်မြို့နယ်များက ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခံခဲ့ရသည့် ရခိုင်လူငယ် ၂၀ ဦးထက်မနည်းမှာ ရမ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်က လူငယ်အများအပြား ပါဝင်ကြောင်း မိသားစုဝင်များထံမှ သိရသည်။
ဖမ်းဆီခံရသည့် လူငယ်အများစုမှာ ဂျပန်နိုင်ငံ၊ ကိုးရီးယာနိုင်ငံနှင့် စင်္ကာပူနိုင်ငံသို့ အလုပ်သွားလုပ်ရန် ပြင်ဆင်နေကြသူများဖြစ်ပြီး အချို့မှာ ပန်းထိမ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေသူများဖြစ်ကြောင်း ဖမ်းဆီးခံရသော မိသားစုဝင်တစ်ဦးက ပြောသည်။
“ကျနော်ညီလေး ဒီရက်ပိုင်းမှာ ဖမ်းဆီးခံရတာပါ။ မရမ်းကုန်ဈေးမှာ ဈေးဝယ်လို့ အပြန်အဖမ်းခံရတယ်။ အခု ပြန်မလွတ်သေးဘူး။ ကျနော်တို့ စုံစမ်းတော့ မရမ်းကုန်းရဲစခန်းမှာလို့ သိရတယ်။ သွားတွေ့တော့ ကျနော်တို့ကို ဝင်ခွင့်မပေးပါဘူး။ မရှိဘူးလို့ ပြောတယ်။ ကျနော်တို့လည်း သတင်းအတိကျရထားတော့ နောက်တစ်ခါသွားတွေ့အချိန်မှာ မှော်ဘီကို ပြောင်းလိုက်ပြီလို့ ပြောတယ်။ အခု မှော်ဘီရဲစခန်း လိုက် စုံစမ်းနေပါတယ်” ဟု ပြောသည်။
အတည်မပြုရသေးသော သတင်းများအရ ရခိုင်က ရောက်ရှိလာသည့် စစ်ရှောင်ပြည်သူများကို ရန်ကုန်တိုင်းရှိ ဘုန်းတော်ကြီးကျောင်း၊ ရပ်ကွက်များနှင့် သီလရှင်ကျောင်းတို့တွင် တည်းခိုခွင့်မပြုရန် စစ်ကောင်စီ ထောက်ခံသူများမှတစ်ဆင့် လက်ကမ်းစာစောင်များ ဖြန့်ဝေလျှက်ရှိကြောင်း စုံစမ်းသိရသည်။
“စစ်ကောင်စီက ရခိုင်တွေ နေထိုင်တဲ့ မြို့နယ်တွေ၊ ရပ်ကွက်တွေမှာ ဖမ်းဆီးမှုတွေ ပြုလုပ်ဖို့ ညွှန်ကြားထားတာတွေ ရှိပါတယ်။ စစ်တပ်ထောက်ခံသူတချို့ကလည်း ရပ်ကွက်တွေ၊ ဘုန်းတော်ကြီးကျောင်းတွေ၊ သီလရှင်ကျောင်တွေမှာ စာရွက်စာတမ်းတွေ ဖြန့်ဝေနေတာရှိတယ်။ အထူးသဖြင့် တာမွေ၊ လှိုင်သာယာ၊ မြောက်ဒဂုံ၊ ရွှေပြည်သာနဲ့ မြောက်ဥက္ကာလာတွေမှာ ဖြန်ဝေနေတာတွေရှိတယ်။ ဒီမတိုင်ခင်ကလည်း ရန်ကုန်တိုင်းမှာရှိတဲ့ ရခိုင်ဘုန်ကြီးကျောင်းတွေကို စစ်ကောင်စီက
တိုက်ရိုက်စာကမ်းတာတွေ ရှိခဲ့တယ်” ဟု တာမွေမြို့နေ ရခိုင်လူငယ်တစ်ဦးက ပြောသည်။
စစ်မှုထမ်းနိုင်သည့် အသက်အရွယ်အတွင်း ရခိုင်လူငယ်များကို ရန်ကုန်တိုင်းမှာ တွေ့လျှင် ချက်ချင်းဖမ်းဆီးမေးမြန်းကာ စစ်ကြောရေးအထိ ပြုလုပ်သည့်ဖြစ်စဉ်များလည်း ရှိနေကြောင်း အဆိုပါ လူငယ်က ပြောသည်။
၂၀၂၄ ခုနှစ်အတွင်း ရခိုင်အမျိုးသားပါတီ ANP ထဲက လူငယ်ရေးရာ ခေါင်းဆောင် ကိုဂန်ဘာရီနှင့် ရခိုင်ကျောင်းသားသမဂ္ဂထဲက ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြတ်ဟိန်းထွန်းတို့ကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားကြောင်း သိရသည်။
ရခိုင်-မြန်မာ အဆိုတော် မဆုမြတ်ထက်မှာလည်း ပရဟိတလုပ်ရင်း ဖမ်းဆီးခံထားရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယခုအချိန်အထိ စစ်ကြောရေးတွင် ထိန်းသိမ်းထားကြောင်း မိသားစုဝင်များနှင့်နီးစပ်သူများထံမှ သိရသည်။
ထိုသို့ ရခိုင်တိုင်းရင်းလူမျိုးများ စစ်ကောင်စီ၏ အကြောင်းအမျိုးမျိုးတပ် ဖမ်းဆီးထိန်းသိမ်းခြင်း၊ ထောင်ဒဏ်များချမှတ်ခြင်းအပေါ် ပြည်ထောင်စုအဆင့် တိုင်းရင်းသားလူမျိုးများရေးရာ ဒုတိယဝန်ကြီး ဦးဇော်မောင်အနေဖြင့် တစ်စုံတစ်ရာ ကူညီဆောင်ရွက်ခြင်းများ မရှိကြောင်းလည်း ဇော်အေးမောင်နှင့် နီးစပ်သူများက ပြောသည်။
ဇော်အေးမောင်သည် NLD အစိုးရလက်ထက်က ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဖြစ်ပြီး လက်ရှိ အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းကာ ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာ ဒုတိယဝန်ကြီးနေရာကို ရယူတာဝန်ထမ်းဆောင်နေသည်။
ဇော်အေးမောင်သည် ရခိုင်အမျိုးသားပါတီ ANP မှ ထိပ်ပိုင်းခေါင်းဆောင်ဟောင်း တစ်ဦးလည်းဖြစ်သည်။
(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)